|
မပြေလည်မွန်းကျပ်တဲ့ ဘ၀ကိုစွန့်ခွာ မျှတတဲ့
လွတ်လပ်မှုတွေကို တောင်းတတပ်မက်လွန်းလို့ ကျနော်ဟာ …
အိပ်ယာအသစ်ရှာဖို့
အဝေးကိုပြေးထွက်ခဲ့သူတယောက်ပါ။
တကယ်ပါ
ဗိုလ်နေ၀င်းဆိုတဲ့ စစ်အာဏာရူး
အာဏာသိမ်းပြီး
ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ
ကြီးပြင်းလာခဲ့ရသူတယောက်ပေမို့ အစစအရာရာ
အတွေ့အကြုံတွေကလည်း ပြည့်စုံလုံလောက်အောင်
ပါမလာလဲ့တာကတော့အမှန်။
အဲ့ဒီနောက်
…
ဆက်လှန်လာခဲ့တဲ့ စာမျက်နှာတွေမှာတော့
အတွေ့အကြုံကောင်းတချို့ ဘ၀အတွက်
ဗဟုသုတကောင်းတချို့
ကောင်းကောင်းကြီး ထပ်တိုးလာခဲ့တာကတော့ တကယ့်အမှန်တရားပါ။
ယဉ်ကျေးသိမ်မွေ့ချင်ပါတယ် ဒါပေမဲ့
ဘ၀အတွေ့အကြုံတချို့အရ
တကိုယ်ကောင်း အတ္တကြီးသူတွေအတွက်
ခပ်ရင့်ရင့်စကားလုံးတွေကို
ကျုပ်သုံးပါရစေ
ကျုပ်သုံးတဲ့ စကားလုံးတွေကို
မိတ်ဆွေနားလည်မှုပေးပြီး
ကျုပ်ကဗျာကို
နှလုံးသားနဲ့ဖတ်ကြပါလေ …။
လက်ရှိဖြစ်တည်နေတဲ့ဒီဘ၀မှာ ကျုပ်လေ….
ငရဲဆိုတာကို
မရောက်ဖူးခဲ့ပါ ဒါပေမဲ့ … အဲ့ဒီ
စနစ်ဆိုးရဲ့အောက်မှာ
သိနားလည်သူတွေခံစားနေရတာ ငရဲတမျှ
ပူပြင်းလှတာ အမှန်ပါ …
အမှန်ပါ
တကယ်ဆိုရင် …
အမှားပြုမိတတ်ကြတာ လောကရဲ့
သဘာဝပေမို့
လောကီသားတိုင်း အနည်းနဲ့
အများဆိုသလို
အမှားနဲ့မကင်းတတ်ကြတာ
လောကရဲ့သဘာဝပါ။
ဒါပေမဲ့ကွာ
…
အမှားကိုသိပြီး အမှန်ကို
မပြင်နိုင်
တကိုယ်ကောင်း အတ္တကြီးစိုးလွန်းပြီး
ဆင်ကန်းတောတိုး သိရက်နဲ့
ဆက်မိုက်နေကြသူတွေကိုတော့ ကျုပ်
ရွံ့မုန်း မုန်းတဲ့
စာရင်းမှာထည့်ထားရဲ့။
ဆက်လျှောက်နေအုံးမှာပါ … ခရီးလမ်းတွေ
ဆုံးသည့်အထိပေါ့
တိုက်ခိုက်ရအုံးမယ်
အမှန်တရားဆိုတဲ့ မျှတတဲ့
လွတ်လပ်မှုအတွက်
ကြည့်လိုက်စမ်းပါ
ရိုင်းလိုက်တာကွာ
ကိုယ့်ကိုယ်ကိုစိတ်မလုံ ကိုယ့်
ကိုယ်ကျင့်တရားကိုတောင်
ကိုယ်မယုံကြည်ကြသူတွေ တခါတလေလည်း
ဒင်းတို့က
စာမျက်နှာတွေကို
တရွက်ခြင်းကျေအောင်မဖတ်
စာမျက်နှာတွေကို အထပ်လိုက်အထပ်လိုက် ကျော်လှန်ဖို့
အကြိမ်ကြိမ်အခါခါ
ကြိုးစားနေကြလေရဲ့။
အထီးကျန်မဟုတ်ဘူးဟေ့ …
အသိုင်းအ၀ိုင်းနဲ့ကွ
အာဏာကို
သေနတ်ပြောင်းကထုတ်
ပြည်သူတွေကို
အကြောက်တရားနဲ့ အုပ်ချုပ်နေသူတွေကို
ရရာလက်နက်ကိုကိုင် ကျရာအခန်းက
အမြစ်ပြုတ်အောင် တော်လှန်သွားမယ် …။ ။ x x x x
x |