|
မြန်မာ့သမိုင်းတလျှောက် အုပ်စိုးသူအဆက်ဆက်မှာ
သူ့ထက်ဆိုးသူတောင်မှ
သူ့လောက်မဆိုးခဲ့ကြဘူး အဲဒီလူပေါ့
တိုင်းသူပြည်သားတွေရဲ့ တံတွေးခွက်ထဲ ပက်လက်မျောသူ တိရစ္ဆာန်လိုလူတယောက် အာဏာမက်စိတ်က တောင်လိုမောက်နေပုံများ …၊
ဘဝရဲ့
ဆည်းဆာချိန်
တိမ်တောက်တောက်ထဲမှာ ထွေးပြီးသား
တံတွေးတွေ ပလုတ်ပလောင်းနဲ့
သွေးရူးသွေးတမ်း အမိန့်ပြန်တမ်းတွေထုတ် အမေ့ကို
နောက်တနှစ် အကျယ်ချုပ်တဲ့ တံတွေးခွက်ထဲကအကောင်ပေးတဲ့ အမေ့အတွက်
မွေးနေ့လက်ဆောင် …။
တကမ္ဘာလုံး
ဝက်ဝက်ကွဲပါပဲ အမေ့အတွက်
ဝမ်းနည်းကြောင်း စိတ်မကောင်းကြောင်း သတင်းစကားတွေ သဝဏ်လွှာတွေ ထုတ်ပြန်ကြေညာချက်တွေ ပလူပျံလို့ တနှစ်တခါ
တောခြောက်သံလား တောလဲသံလား ပြီးတော့လည်း ပြီးသွားတာပါပဲ အမေ့လွတ်မြောက်ရေးဟာ လေနဲ့အတူလွင့်မျောသွားခဲ့ အမေ့စိတ်တခုသာ
သံမဏိကျောက်ဆောင်တခုအလား ပိုမိုမာကျောကျစ်လာခဲ့တယ် …။
အမေ့ရဲ့ဒုက္ခဟာ ပြည်သူလူထုရဲ့ ဒုက္ခမဟုတ်ဘူး ပြည်သူလူထုရဲ့ဒုက္ခသာလျှင် အမေ့ရဲ့ ဒုက္ခဖြစ်တယ် ပြည်သူလူထုအတွက် အမေ့ရဲ့အသက်ကို ပေးထားပြီးသားမို့ အမေ့ရဲ့
ခိုင်မာတဲ့စိတ်ဓါတ်အင်းအားအောက်မှာ တံတွေးခွက်ထဲကကောင်တွေ တနေ့ …
ဒူးထောက်ကြရမယ်ဆိုတာ သားတို့ ယုံတယ် …၊
ကံကြမ္မာရေ … ရက်စက်မှုအပေါင်း သရဖူမဆောင်းလိုက်ပါနဲ့ အမေဟာ
ခေတ်သစ်ဗမာပြည်သမိုင်းရဲ့ ကောင်းကင်မှာ ထွန်းလင်းတောက်ပတဲ့ လမ်းပြကြယ်ဖြစ်တယ် အမေဟာ
ပြည်သူလူထုကြီးဖြစ်တယ် ပြည်သူလူထုကြီးရဲ့သွေးက အမေ့ကိုယ်ထဲ
လှည့်လည်စီးဆင်းတယ် …၊
ကမ္ဘာကြီးရေ
… ဗမာပြည်ကြီးရေ … အမေ့ကို
ချစ်သူ မုန်းသူများအားလုံးအား အမေ့ကိုယ်စား ငါတို့က
ကျေးဇူးစကားဆိုပါရစေ …၊
အမေလွတ်မြောက်ဖို့အတွက်
ပြည်သူလူထုလွတ်မြောက်ဖို့အတွက်
တိုင်းပြည်လွတ်မြောက်ဖို့အတွက် လျှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့ …။ ။ |