|
သမ္မာကျမ်းစာပါ ကမ္ဘာပျက်တဲ့နေ့ဟာ
နာဂစ်နဲ့အတူရောက်လာတယ်
နာဂစ်ပြန်တော့ ကျန်ရစ်တယ်…..။
ကြမ်းကြား
လေကြား
မုန်တိုင်းသတိပေးချက်ဟာ
(ဘုရားစူးရပါစေရဲ့)
ဝတ်ကျေတန်းကျေ နိုင်လွန်းလှတယ်…..။
ဥမကွဲ
သိုက်မပျက်
နေထိုင်လာတဲ့နှစ်များစွာ
တိုက်ခတ်လာတဲ့မုန်တိုင်းများစွာ ကြံ့ကြံ့ခံ
ရင်ဆိုင်နိုင်ခဲ့ပါရဲ့….. အခုတော့….. ဥကွဲ
သိုက်ပျက်
နာဂစ်ရဲ့ရိုက်ချက်ထက်
စစ်အုပ်စုရဲ့ ရိုက်ချက်ကပြင်းလွန်းတယ်…..။
သဘာဝဘေးအန္တရာယ်
ဘယ်သူမှတားဆီးမရနိုင်ပေမယ့်
ကြိုတင်သတိပေး တပ်လှန့်နှိုးဆော်
အချိန်ဆိုတဲ့ တန်ခိုးတော်က
လူ့အသက်ပေါင်းများစွာကို
ကယ်တင်ပေးနိုင်လိမ့်မယ်…..။
အကြင်နာကင်းမဲ့တဲ့ နှလုံးသား
စိဉ္စမာဏဉာဏ်နဲ့ အုပ်စိုးသူတို့လက်အောက်က
ပြည်သူတို့ရဲ့အသံ
အမေရိကန်လာပါ…..
အင်္ဂလန်လာပါ…..
ပြင်သစ်လာပါ…..
ကူညီနိုင်စွမ်းရှိတဲ့ သူမှန်သမျှလာပါ…..
ကူကယ်ရာမဲ့သူတို့ရဲ့ မျှော်လင့်ချက်ဟာ
ကောက်ရိုးတမျှင်ပဲပေါ့…..။
အစားအစာပေးပါ….. သောက်စရာ
ရေပေးပါ…..
အ၀တ်အထည်ပေးပါ….. နေစရာ
နေရာပေးပါ…..
အသံလှိုင်းတို့ရဲ့ ပဲ့တင်ရိုက်ခတ်သံများ
စစ်အုပ်စုမှာ နားမရှိရှာ
ပြည်သူလူထုရဲ့ ဒုက္ခထက် သူတို့ရဲ့
အာဏာလက်မလွှတ်ရေးဒုက္ခက
ပိုပြီးကြီးမား အတ္တလောက်တွေ
တဖွားဖွားနဲ့ပေါ့…..။
ဒါကြောင့်…..
ဘုရားသခင်ထံပါး
ကျက်သရေယုတ်သူများအား ဆွဲချက်တင်လိုက်တယ်…..
“အို…..
ဘုရားသခင်…..
လူပေါင်းများစွာ သေကြရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
လူပေါင်းများစွာ ဒုက္ခနဲ့ကြုံရတယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
လူပေါင်းများစွာ ဒုက္ခတွင်းထဲမှာ ထပ်ပြီးတော့
အသက်ဆုံးရှုံးရဦးမယ်
မုန်တိုင်းကြောင့်မဟုတ်
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
စစ်အုပ်စုကြောင့်သာဖြစ်တယ်…..
အို…..
ဘုရားသခင်…..
ရက်စက်ယုတ်မာသော
နှလုံးသားရှိသူတို့၏ သက်တမ်းကား
ရှည်လျားလွန်းလှ၏…..။
ဖြူစင်ရိုးသားသော
အပြစ်မဲ့ပြည်သူတို့၏ သက်တမ်းကား
တိုတောင်းလှချေ၏……။ တရားသဖြင့်
မျှတသောစီမံမှုကို ပေးတော်မူပါ…..
စစ်အုပ်စုကျဆုံးပါစေ….. ပြည်သူလူထု
လွတ်မြောက်ပါစေ…..။“ |