Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

ကဗျာ

 

 
 
 

မြန်မာပြည်တစ်ခွင်ပေါ်က
ပြည်သူတွေ ပျော်စံဖို့အရေး
ရွှေဝါရောင်တော်လှန်ရေး တဲ့
သန့်လိုက်တဲ့ နာမည်ရယ်
ခန့်လိုက်တဲ့ ဇာနည်တွေရယ်
ကြည်ညိုဘွယ် လွန်ပါဘိတော့...။ 

လိပ်ပြာလည်းသန့်
သိက္ခာလည်းခန့်
ကျယ်ကျယ်ပြန့်ပြန့်
ထည်ထည်ခန့်ခန့်
တည်တံ့ကြည်သန့်
စည်ပင်ပြန့်ကာ
မေတ္တာခြေအရှည်ဆန့်
သစ္စာရေ ပြည်အနှံ့ဆွတ်ဖြန်းလို့
မျိုးချစ်ရဟန်းတို့ရဲ့
ရွှေဝါရောင်တော်လှန်ရေးဟာ
မြန်မာတစ်ဝှမ်းသာမက
ကမ္ဘာတစ်ဝှမ်းပါ
လျှမ်းလျှမ်းတောက်ခဲ့ပြီလေ။ 

မေတ္တာတရားတွေလည်း ခေါင်ခိုက်
သစ္စာတရားတွေလည်း မှောင်မိုက်လို့
အချောင်နှိုက် ဗြောင်မိုက်ခြင်းတွေနဲ့
လောင်မြိုက်နေတဲ့ နအဖ။ 

အဓမ္မတွေကို အစွမ်းကုန်လွှမ်းခြုံ
တွေ့ဆုံဆွေးနွေးပွဲကို ရှောင်ကွင်း
အရောင်လင်းမဲ့
လမ်းပြမြေပုံ (၇) ချက်နဲ့
ပြည်သူတွေကိုသတ်ဖြတ်
ရက်စက်မှုအသင်္ချေနဲ့
သံဃာတွေကို သင်းခွဲ
အသင်းမကွဲတော့လည်း
အတင်းဆွဲပြီး ဒုတ်နဲ့ရိုက်
မိုက်ပြီးရင်း မိုက်
တိုက်ပြီးရင်း တိုက်
အဲဒါ.. နအဖစရိုက်။ 

မဟနဆရာတော်ကြီးတွေကို ပင့်ပြီး
အသင့်စီမံထားတာတွေ ဖတ်ကြား
ဖိနပ်ကြားက နတ်စကားထွက်ပြ
အချက်ကျကျ တွေးကြည့်ရင်တော့
ပညာရှိနားနဲ့ မဆိုထားဘိ
ရွာငတိနားနဲ့မှ မသင့်လျှော်
ဘုန်းကြီးခေါင်းပေါ် ခြေကျော်နေတဲ့
ငရဲမျှော် မိစ္ဆာကောင်တွေ
သန့်စင်နေတာကိုလည်း
ဆန့်ကျင်နေတယ် ပြောလိုပြော။ 

ကဲ…. ဟောဒီက
ရွှေဝါရောင်ရင်ဘတ်တွေကို ဖွင့်ကြည့်လိုက်စမ်း
မိုက်ကန်းနေတဲ့ အာဏာရှင်စနစ်ဆိုးကို
အမြစ်ကျိုးအောင် တွန်းလှန်မယ့်
သန္နိဋ္ဌာန် နန်းမြို့ရိုးဟာ
ဘယ်ရန်သူမျိုးငါးပါးကမှ
ဖျက်ဆီးလို့မရနိုင်တဲ့
ခိုင်မာတဲ့ ယုံကြည်ချက်ပဲ။ 

မေတ္တာတော်အနန္တတွေနဲ့
သစ္စာတော်အလံပြနေတဲ့
ရွှေဝါရောင်သံဃာတွေကို တိုက်ခိုက်
သူ့အကြိုက်သူဆောင်ပြီး
အတုယောင် လူထုထောက်ခံပွဲတွေကျင်းပ
အတင်းအဓမ္မ တန်ခိုးတွေနဲ့
လူထုကို အမျိုးမျိုးခြိမ်းခြောက်.. ဟိန်းဟောက်…။ 

ဟေ့…. နအဖ
အဓမ္မအင်အားတွေနဲ့ ခြိမ်းခြောက်တိုင်း
တိမ်းမှောက်တတ်တဲ့ အတန်းစားထဲမှာ
ရွှေဝါရောင်သံဃာတော်တွေ မပါဘူး
(၈၈)မျိုးဆက်သစ်ကျောင်းသားတွေ မပါဘူး
NLD ပါတီဝင်တွေ မပါဘူး
ပြည်တော်ချစ် မိဘပြည်သူတွေ မပါဘူး - လို့ …..။ 

အစဉ်အလာ စကားပါးလိုက်ဦးမယ်
ပတ္တမြားအစစ်မှန်လျှင်
နွံမှာနစ်သော်လည်း
အရောင်မညစ်ဘူးဆိုတဲ့ သမိုင်းလို
စစ်အာဏာရှင် အရိုင်းအစိုင်းတို့ရဲ့
ဗုံးမုန်တိုင်းတွေကြားထဲက
မြန်ပြည်သားတို့ရဲ့ “သဒ္ဓါဗိုလ်” တွေ
မလဲမပြိုဘဲ
အမြဲလို တည်တံ့နေခြင်းဟာ
အာဏာရှင်ကို အန်တု
လောကဓံကို မမှုတဲ့
လူထုနှလုံးသားရဲ့
“အမုန်းမပွားတဲ့
အပြုံးအားတွေကြောင့်ပေါ့”…. 

ရွှေဝါရောင်ရဲ့ ကြယ်တစ်ပွင့်
ပေါက်နယ်သားရဲ့ သမိုင်းတစ်ခေတ်
တိုင်းချစ်ပြည်ချစ် ဆန်းသစ်ခဲ့ပြီ။ 

သူ့နာမည်က ဦးဂမ္ဘီရ
ဗုဒ္ဓ၏သား ရဟန်းတစ်ပါး
မြန်မာပြည်သား
ဇာနည်ဘွားပေါ့
အားမာန်မလျှော့
လမ်းမှန်သော့ခဲ့
အခုတော့ -
အလင်းအရံတွေနဲ့
အကျဉ်းစံနေလေရဲ့။ 

ဒါပေမယ့်
သူ့နှလုံးသားရဲ့
အပြုံးအားတွေကိုတော့
ဘယ်လို အတင်းအဓမ္မတွေနဲ့မှ
အကျဉ်းချလို့ ရမှာမဟုတ်တော့ဘူး။          ။

 

ရွှေဝါရောင် သံဃာတော်များသို့ ဦးညွှတ်ဂုဏ်ပြုလျှက်……

ရာဇကုမာရ်
၂၃၊ ၁၊ ၂၀၀၈

 
 
 
 

ARCHIVE

 

 

CRPP Members

Read FDB Bulletins

Depayin Massacre

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org