ဒီအချိန်မှာ
-
တောင်သာ
ဇဂျမ်း-ကမြဲ နယ်တခိုမှာ
နှင်းတွေ
ငို မြူတွေဆိုင်းပြီပေါ့
စိတ်လှိုင်းလိပ်ပြာယာဉ်နဲ့
စာဆိုရှင်
ရောက်အောင်လှမ်းရှာလိမ့်
အလွမ်းကုဋေကုဋာနဲ့ ပြေရွာကို
ချစ်ရှာလွန်းသူမို့
ဝေဒနာတွေ
သစ်ကာ သစ်ကာသွန်းပါလို့
ခွန်းဆင့်သံ
နှုတ်ဆက်တေးတွေ နဲ့
လွမ်းတေးကိုလဲ သီလေပြီ။
အ ကာလ
ညအချိန်မှာ
ဖန်မီးအိမ်
လက်မှာဆွဲပါလို့
ရင်ထဲမှာ
သစ္စာပန်းတွေနဲ့
အထက်အညာ
မန်းတခွင်တထောက်ဆီသာမက
အမိဗမာပြည်
တ၀ှန်း တပြင်တလျောက် အနုပညာကဗျာရနံ့ မွှေးခဲ့ပါရဲ့
မျိုးချစ်သွေး ဇာတိမာန်နဲ့
ဒေါင်းနိုင်ငံ ဒေါင်းသံနိုးရအောင်
ရွှေဒေါင်းတောင် ကလောင်မျိုးပေမို့
တန်ဖိုးအနဂ
္ဃ ပြည့်ဂုဏ်ရည်။
စစ်အာဏာကို
အမြစ်ပါ
ဖြို တူးကာဖျက်ချင်ရဲ့
ပြည်သူဘက်က
ရပ်တည်ကာ
အနုပညာ
ဆိုတာ - ပြည်သူအတွက်ဟေ့ - လို့
သမိုင်းတကွေ့ တိုက်ပွဲစဉ်မှာ
မဆိုင်းမသွေ့ တိုက်ပွဲဝင်ကာ စံနမူပြခဲ့သူမို့
ခေါင်းမကြို့တဲ့ ဒေါင်းတို့ရဲ့ ဟောဒီမြေမှာ
အတုယူစရာ
က၀ိဓဇ ရတနာတပါးပါပဲ
နှလုံးသားရဲရဲနဲ့ မော်ကွန်းတည်
ပြည်သူတွေရဲ့ ကြယ်စင်ပွင့်။
ဂျမ်းဆရာ -
ကို မှန်းကာဆို
ဦးနှိမ်ညွတ်ပါရဲ့
ဖန်မီးအိမ်
နန်းချည် ကျွမ်းပေမဲ့ လွမ်းပန်းတွေ ဘယ်မညှိုးနိုင်ဘူး
ရင်လှိုင်းသံ
တောင်ပံနှိုးပါလို့
အမိမြေ
နဒီရိုးဆီက
ရိုးရိုးလေးနဲ့ ခေါင်းလောင်းသံ
ပုံဂံကျောင်းက ခေါင်းလောင်းသံ
ခွပ်ဒေါင်းသံနဲ့ ခွပ်ဒေါင်းတေး
တသွေးသွေးနဲ့ ဆက်ပြီးသင်း
လှေတစင်းနဲ့
သီချင်းသည်
ဧည့်သည်ကြီးရဲ့ သစ္စာခရီး
ဝေးနီးမကျန်
မြိုင်ယံမလပ်ရအောင်
တက်ခတ်သံ
ညံမစဲပါပဲ
အမှောင်ထဲ
အောင်ဇွဲ တကြော်ကြော်နဲ့
ဒီဝဲ ဒီလို
ကျော်မတဲ့
ဒီခေါ်သံ
လှိုင်းလေဦးမှာ
ဒီကျူးသံ
နင့်။ ။
|