|
အို …
ပြည်သူတို့ သင်တို့ကိုယ်စား သံဃာများသည် တရားသောစိတ်
ရင်ဝင်သိပ်၍
ကျောင်းရိပ်ကိုခွါ လှမ်းကြွလာပြီ စာနာမှုနှင့်
အိပ်မက်နှင့်။
တို့ပြည်တစ်ခွင် သံစဉ်ချိုမြ
ဓမ္မသစ္စာ
ဖူးပွင့်လာဖို့ ထေရ်သံဃာထု
ညီညွတ်မှုနှင့်
သံစဉ်ငြိမ့်ငြိမ့် တအိမ့်အိမ့်။
မိုးကတစ်ဝက်
နေတစ်ဝက်နှင့် လမ်းမထက်မှာ ပရိတ်မေတ္တာ
ရွတ်ဖတ်ကာလျှင်
မြို့ရွာအတွင်း လှည့်လည်ရင်းဖြင့်
‘လူအချင်းချင်း လှည့်ပတ်ခြင်း
အထင်သေးခြင်း အချင်းချင်း
ဆင်းရဲလိုခြင်း အချင်းချင်း’ ကင်းဝေးကြစေ
မေတ္တာဝေလျက် နေဒဏ်မိုးဒဏ် သည်းညည်းခံကာ
သံဃာတော်များ ကြွလာပြီ။
အို …
ပြည်သူတို့
သင်တို့အတွက် လမ်းကိုထွက်၍ ချီတက်ကြွလာ
ထေရ်သံဃာများ
ကျေးဇူးတရားကို
ဝပ်တွားမြေမှာ ဦးညွှတ်ကာလျှင်
ပါဝင်ပူဇော်ကြပါစို့
တို့ပြည်အေးချမ်းသာယာဖို့။ x x x x x
|