|
အဘိုးအဘွားတို့
ပြောပြောနေတဲ့ အတိတ်ဆီက ….. ငွေထီးဆောင်း
တိုင်းပြည်ကြီး ရွှေထီးဆောင်း
တိုင်းပြည်ကြီး ပတ္တမြားထီးဆောင်း တိုင်းပြည်ကြီး။
အနီးရော အဝေးရောမှုံနေတဲ့ လက်သစ်
ဖက်ဆစ်ဂိုဏ်း
ခိုးသားငါးရာနဲ့….. နောက်လိုက်များကြောင့် တမြေလုံးပုပ်ခဲ့ရပြီ။
ဟောဒီမြေကြီးရဲ့ ၀မ်းဗိုက်တထွာအတွက် ဘိုးစင်ဘောင်ဆက်ကထဲက တလက်မစာမကဖြည့်တင်းလာတဲ့ ဧရာဝတီရဲ့
ဘ၀လည်းပျက်….. လူသားအရင်းအမြစ်တွေလည်း ပြုန်းတီးခဲ့ရပြီ။
ခရုဆံကျွတ် ဧရာဝတီရေ သူတို့ကတော့ ပွဲတော်ကြီးတွေ ကျင်းပနေသလိုမျိုး ငါးပွက်ရာ
ငါးစာချ မြှားသူ
မြှားနေကြနဲ့ ဆိတ်ပါးစပ်ထဲ….. နှမ်းပက်နေသလိုပ။
ချွတ်ခြုံကျ….. အမိုးအကာမဲ့ထဲမှာ ကံဆိုးမိုးမှောင်ကျ လက်ကျန်….. လူမမာမျက်နှာတွေလို မျက်နှာများကတော့ ဈေးကွက်ကြီးတခုလိုဖြစ်နေလေရဲ့။
မြေခွေးမျက်လုံးတွေလို
လင်းတမျက်လုံးတွေလို ကျီးကန်မျက်လုံးတွေလို မျက်လုံးများပေါ့ မိုးကောင်းတုံး….. ရွာသူ ရွာနေကြ။
ဒီလိုနဲ့….. ရင်ထုမနာဖြစ်ရတဲ့ ဧရာဝတီရဲ့ကံကြမ္မာဟာ
မိုးကြီးစုန်းစုန်း ချုပ်ပြီးရင်းချုပ်ခဲ့ရ
လွတ်သွားတဲ့ငါးလည်း ကြီးခဲ့ကြ။
ဧရာဝတီရေ
….. သူတို့ကတော့ နောင်တမရနိုင်တဲ့ အမှားတွေကို ရွှေထီးဆောင်းသူ
ဆောင်း ကတ္တီပါဖိနပ်စီးသူ စီးနေကြနဲ့ ရိုးတွင်းချဉ်ဆီထိအောင် ကိုယ့်အမျိုးကို ချစ်တတ်ခဲ့ပုံများ စုပ်တသပ်သပ်နဲ့။
အမြီးမြှောက်လိုက် ခွာယက်လိုက် ချိုသွေးလိုက်နဲ့ အညာအကြေတကြောက ပန်းမွှေးတောတွေလည်း ကြေမွပျက်စီးခဲ့ရပြီ။
ဗွက်ထနေတဲ့ ဒဏ်ရာတွေနဲ့ ဘ၀တွေအကာမဲ့နေချိန် လက်ပံပင်
ဇရက်ကျသလို ပွဲလန့်တုံး….. ကုလားထိုင်သိုး
ခင်းသူ ခင်းနေကြလေရဲ့။
ဒီလိုနဲ့ အသွင်အပြင်တွေ တမျိုးပြောင်းသလိုလိုနဲ့ အပြင်အဆင်တွေက….. ဇာတ်ထုတ်ဟောင်းကြီးကို ထုံးသုတ်နေတာထက် ဘာမှမပိုတော့။ ။
|