|
အရယ်ရပ်
အငိုရပ် အပြောရပ် အစားရပ်
မျှော်သူမျှော်၊ စွင့်သူစွင့်
ကိုယ့်အသက်ရှုသံ၊ ကိုယ်ပြန်ကြားရတဲ့
ငြိမ်သက်မှုကြီးအကြား သူတခွန်း၊
ကိုယ်တခွန်း တိုး-တိုး၊
တိုး-တိုး မေးထိုးကာ၊
ခေါင်းညိတ်ကာ “လာနေပြီ၊
လာနေပြီ” တဲ့။
သူတို့ကြည့်တယ် မမြင်ရ ဒါပေမဲ့သိတယ်။
သူတို့နားထောင်မယ် မကြားရ ဒါပေမဲ့သိတယ်။
ခွေးမဟောင်၊
ကြောင်မလန့် ကြက်မတွန်၊
ကျီးမသာ ဒါပေမဲ့၊
မလွဲဘူး ဒို့သိတယ်၊
မယွင်းဘူး
ဒီခြေသံမျိုး၊ ဒို့ကြားဖူးတယ်
ဒီကြွေးကြော်သံမျိုး၊ ဒို့အော်ခဲ့ဖူးသပေါ့ သဲ့သဲ့လား၊
တိုးတိုးလား ဒို့နားမမှားဘူး။ ရွာဦးက
စေတီယံ၊ ဆည်းလည်းသံတရှဲရှဲနဲ့
ညောင်ရွက်တွေ တ၀ဲဝဲရမ်းနေမှတော့ အနာဂတ်ကိုသယ်လာတဲ့
မုန်တိုင်းနီကြီး လာနေပြီပေါ့
ဒီကိုမရောက်သေးလို့သာရယ်။
လက်တွဲဖို့အတွက်၊ လက်ကုပ်ပြောပါ
ခြေလှမ်းပြဖို့အတွက်၊ ခြေတို့ပြောပါ
မျက်စိလျှင်ဖို့၊ မျက်စပစ်ပြပါ။
လာတဲ့အခါ
သူတို့လည်းပါလာမယ်
ခွပ်ဒေါင်းနဖူးစည်း
ရှာပြီးပြင်ထားပါ
ပိုစတာကားချပ်
ရေးဖို့ပြင်ထားပါ
ဂျင်ကလိကိုလည်း မြိနေအောင်
သွေးထားပါ။
မပူပါနဲ့
နေထွက်ချိန်မှာ နေထွက်
နေတက်ချိန်မှာ နေတက်
နေကျချိန်မှာ နေကျ
နေ၀င်ချိန်မှာ နေ၀င် နောက်ပြီး
သန်းခေါင်
သန်းခေါင့်ဟိုဘက်မှာ သမိုင်းသစ်
ဒို့လက်နဲ့ထုဆစ်မယ်။ ။ |