|
အေးတိအေးစက်
ဆောင်းကို အရှေ့လေပြေတချက် ဖျတ်ခနဲ
ဝှေ့တိုက်လိုက်တယ်
မုန်တိုင်းလာတော့မယ် ထင်ပါရဲ့
အောက်ပြည်ကမိုး
အုံ့အုံ့ဆိုင်းဆိုင်း
မှိုင်းညို့တိုင်းလည်း
မိုးစက်တပေါက်ကျမလာ
လျှပ်နွယ်မပြက်
ထစ်ချုန်းသံမပေး
သွေ့သွေ့ခြောက်ခိုက် ဝေါကနဲ
သွန်ချလိုက်ပြီ
အညစ်အကြေးဟူသမျှ
တိုက်ချဆေးကြောတော့မယ် ထင်ပါရဲ့
ကိုထင်ကျော်
ကိုလှမြင့်အေး
ဦးအုန်းသန်း ကိုလှသိန်း
… အစရှိတဲ့
မဆလတို့ ဖိန့်ဖိန့်တုန်ခဲ့ရ
လူထုအုံကြွမှုကြီးရဲ့ ဘူမိနက်သန် ရေခံမြေခံ
အညတရရဲရဲတောက်တို့ ထွန်းတောက်ခဲ့ရာ မဟာမြို့ရွာ
မြောက်ဥက္ကလာက အညတရသူရဲကောင်းများ(၂၂ ဖေဖော်ဝါရီ ၂၀၀၇)
လူ့ဘုံခန်းဝါကြီးထဲမှာလေ ညီတို့
အစ်ကိုအစ်မတို့ ရဲဘော်တို့ဟာ စစ်အုပ်စုက
ပိုးဆိုးပက်စက် လုပ်ချင်တိုင်းလုပ်လို့မရတဲ့
တိုင်းသိပြည်သိ တိုင်းကျော်ပြည်ကျော်
နိုင်ငံတကာစောင့်ကြည့်ခံ ရှင်ရိုသေ
လူရိုသေ
ပုဂ္ဂိုလ်များလည်း မဟုတ်ပါ
အဖိနှိပ်ခံလူတန်းစားများထဲက
သာမန်လူတန်းစား အညတရများမို့
ဂိုဒေါင်ရှေ့ချ ပစ်သတ်ထား
ဂိုဒေါင်ဖောက်တဲ့ အဖျက်အမှောင့်သမားများ ဖြစ်ရဲ့လို့
ယုတ်မာသူတို့ လက်ညှိုးထိုးလုပ်ဇာတ်ထွင် ညစ်ပတ်ခဲ့ရင် ဘယ်လိုလုပ်
ရှင်းချက်ထုတ် ဖြေရှင်းလို့ရမှာမဟုတ်တဲ့ အခြေအနေအောက်မှာ
ရဲဝံ့ပြောင်မြောက်စွာပဲ စစ်အုပ်စုက
သိလျှက်နဲ့ ဗြောင်မသိကျိုးကျွံထားတဲ့ ပြည်သူလူထု
ရင်တွင်းပရိဒေဝဒုက္ခသုက္ခ အလုံးစုံကို
ပြည်သူလူထုရှေ့ အနစ်နာခံ
ပြည်သူလူထုကိုယ်စား ရင်ဖွင့်အလံလွှင့်ထူလိုက်နိုင်ပြီ။
အိပ်မက်ထဲ
ပြေးနေရင်းက
ကြက်သီးအခါခါ တဖြန်းဖြန်းထ
ဦးညွှတ်အခါခါ ဂုဏ်ပြုလိုက်ရပြန်ပါပြီ
ဒါတင်ပဲလား
သူရဲကောင်းတစု ခဲရာခဲဆစ်ဖွင့်လှစ်လိုက်တဲ့
မုန်တိုင်းမုခ်ဦးလေ
တွေဝေနေဦးမလား ညာသံဟိန်းစေ
အားလုံးလိုက်ပါချီတက်ဖို့ လိုလာပြီ
ပြောပြီးသားပဲ ၈
လေးလုံးဆိုတာ ပေတသီး
ကျီးတသား တချိန်သာ
မွေးဖွားတတ်တဲ့ အမျိုးအစားမှမဟုတ်တာပဲ
နှစ်ဘယ်လောက်ကြာလည်း
သတ္တိကြံ့ခိုင် အစ်ကိုတို့ ထွန်းညှိလိုက်နိုင်တဲ့ အလင်းတစ
မကြာမတင်ကာလမှာ
လောကတခွင်ကို ကူးစက်
လျှပ်ဓားတလက်လက်
မိုးယံမှာပြက်
ဆင့်ကဲမုန်တိုင်းမြင်နေပြီ။ ။
|