|
ကျေးဇူးတင်ပါတယ် အမေ
ဒီလောက်အသက်ရှည်ရှည်နေပေးခဲ့တာ။
အသက် ၉၀ ကျော်အောင် ဒီအကျင့်
ဒီစာဂ ဒီသီလ ဒီမေတ္တာ ဒီစေတနာ ဒီအသိနဲ့ ကတိတည်တည် သတိမြဲမြဲ ဒီမြေဒီအခြေမှာ
ဒီလိုနေရဲခဲ့တာ နေပေးသွားတာ နဲတဲ့ မဟာကရုဏာလားအမေ။ လူတွေကတော့ နှမြောကြ
ဝမ်းနဲကြတာပေါ့။ အမေရှိနေသမျှ စေတီထိုက်တာကိုး။ ပုထုဇဉ်တွေဆိုတော့လည်း အမေရေစက်ချမှ သားတို့ရင်ထဲကကုသိုလ်တွေက
ပိုးပိုးပေါက်ပေါက် ပိုကျ အမေအမျှဝေမှ သမီးတို့လိုက်ရတဲ့ သာဓုတွေက
ပီတိပိုဖြာရတာကိုး။ သားသမီးတွေမှာလည်းအကျိုးများ
အမေ့မြေအမေ့ရေမှာ တိုးပွါး
ဗောဓိညောင်လို အရိပ်တပါး အမေရေ။
စိတ်ချလို့သွားအမေ သားသမီးတွေက လူလားမြောက် အမှန်နဲ့ အမှား တရားနဲ့ မတရား ပိုင်းခြားတတ်တဲ့အရွယ်တွေ
ရောက်ကြပြီ ကုသိုလ်တံတားများဘယ်လိုဆောက် အကုသိုလ်တရားများဘယ်လိုဖျောက် သဘောပေါက်တယ်အမေ မြေးမြစ်တွေလည်း အတောင်ပေါက်
နိုင်ငံတကာတံခါးတွေကို
သိက္ခာရှိရှိခေါက်တတ်ကြပြီ။
စိတ်ချအမေ ဓမ္မကမ်းပါးမှာ အမေထားခဲ့တာ သားတဖြာမြစ်တဖျာမှမဟုတ်တာ
အပွါးအစည်းသွေးသစ်တွေဝေေ၀ဆာဆာဖွဲ့ သားသမီးမြေးမြစ်တွေကုဋေကုဋာနဲ့ ဒီမြေ ဒီကမ္ဘာမှာ ဒီမိုတပြေတရွာ
တည်လို့ရပါရဲ့အမေ။
(အောင်ဆန်းတို့အမေ
ဗဟိန်းတို့အမေ အောင်ကျော်တို့အမေ ချွန်မြကြစေ တွန်ကကြစေ
ဇာနည်အိုးဝေ) သမဂ္ဂအမေ -
သီချင်းကိုဆိုနေရင်း ထောင်ထဲက အမေ့သားတွေ
အမေ့ဂုဏ်တော်တွေကို အောက်မေ့နေကြမှာပါ။ မြေအောက်က အမေ့သမီးတွေ
အမေ့လိုဖြစ်အောင်ကျင့်ကြံနေကြမှာပါ။ စစ်ဖိနပ်အောက်က အမေ့ပြည်သူတွေ
ရုန်းထနေကြမှာပါ။ အဝေးရောက်အမေ့သားသမီးတွေ
အမိမြေအတွက် တိုက်ပွဲဆက်နေကြမှာပါ။ |