|
၁။ အရောင်တူငှက်တွေ ဆုံမှတ်တခုကို ဦးတည်ပျံသန်းသွားကြတဲ့နေ့က စပယ်တွေ ပွင့်လိုက်တာ ဖွေးဖွေးလှုပ်လို့ အမေ့မှာ တရားနဲ့ဖြေလည်း မရဘူး
…။
၂။ ငါတို့
… နွေးထွေးသော ရင်ခွင်များ အိမ်များ အမေများ ချစ်သူများ အနာဂတ်များ ပိုင်ဆိုင်နိုင်ခွင့်ရှိသော အရာများ ထားရစ် ချန်ရစ် ကျောခိုင်းထွက်ခွာခဲ့ကြ ယုံကြည်ချက်တွေက စပယ်တွေလို ပွင့်လိုက်တာ ဖွေးဖွေးလှုပ်လို့
…။
၃။ အခုတော့
…
ဆရာမောင်သောကရဲ့ အနှစ်နှစ်ဆယ်လည်း မဟုတ်၊
ဗိုလ်မှူးချစ်ကောင်းရဲ့ အနှစ်နှစ်ဆယ်လည်း မဟုတ်၊ နူးညံ့သော နှလုံးသား ခံနိုင်ရည်နဲ့ အားတင်ထားခဲ့တဲ့ အမေအိုရဲ့ မျက်ဝန်းများမှာ စွန်းထင်းပေကျန်နေတဲ့ သောကရဲ့ အတိုင်းအဆ အနှစ်နှစ်ဆယ်ကာလ
… ဟုတ်တယ်
… အမေအိုရဲ့
…
အနှစ်နှစ်ဆယ်
…။
စပယ်ပွင့်တွေကြားမှာ အမေပြုံးတယ်
… သောကမျက်ရည်စတွေနဲ့ နာနာကျည်းကျည်း ပြုံးတယ် ကုန်လွန်ခဲ့တဲ့ အချိန်ကာလတွေနဲ့ ရောက်ရှိလာဦးမယ့် နေ့သစ်တွေမှာ အမေ့ရဲ့စိတ်ဟာ သားနဲ့ထပ်တူ အောင်ပွဲကို ပွေ့ဖက်မယ့်သူပါ အမေ စောင့်နေတယ် သားရေ စပယ်နံ့တွေနဲ့
မွှမ်းထုံနေတဲ့
အမေ့ရဲ့စကား သားရှိရာအရပ်ဆီကို သယ်ဆောင်သွားပေးပါလား လေညှင်းကလေးရေ
...။
၎။ အရောင်တူငှက်တွေ ဆုံမှတ်တခုကို ပျံသန်းသွားကြတဲ့ နေ့ကလိုပါပဲ စပယ်တွေ ပွင့်လိုက်တာ ဖွေးဖွေးလှုပ်လို့ အမေ့မှာ အခုထိ တရားနဲ့ဖြေလို့မရသေးဘူး။
။ |