|
ခင်ဗျားရင်ဆိုင်နေရသူဟာ ပလ္လင်ပေါ်တက်ထိုင် သေနတ်ကိုင်တယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ ဘုရင်ကိုသတ်ရင် ဘုရင်ဖြစ်တဲ့
ပဒေသရာဇ်ထုံး နှလုံးမူတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
အခွင့်အရေးနဲ့ ငွေကြေး ခွဲဝေပေးထား အစေအပါး
ကျွန်ယုံတစုမွေးတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ တုတ်ဓါးသေနတ်တပ်ဆင်ထားတဲ့
ကြေးစားတပ်ဖွဲ့ တိုးချဲ့တယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ ရွှေတွင်း ကျောက်တွင်း ဓါတ်ငွေ့တွင်းနဲ့ ခြတွင်း
ကြွက်တွင်း ပုရွက်တွင်းများ ပိုင်တယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
အေးချမ်းချိန်စံမြန်းဖို့
ကြက်ပြေးနန်းတော်နဲ့
ပူပြင်းချိန်ခိုအောင်းဖို့ မြေအောက်ကလိုင်တွင်းများ ဆောက်တယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
ပြည်ပအထောက်အပံ့မရလို့ ပြည်သူတွေ
ငတ်ပြတ်ဆင်းရဲရတာလို့ ပြောတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ သံယံဇာတများ
ပဏ္ဍာဆက်ရင်
အိမ်နီးချင်းများနဲ့ ဆက်ဆံရေးကောင်းမယ်လို့ ယုံတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
အခမဲ့လုပ်အားနဲ့ ဘုရားတည်
လမ်းဖောက် တံတားဆောက်ရင်
မင်းကောင်းမင်းမြတ်ကျင့်စဉ်လို့ မြင်တယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
ထိပ်တိုက်ရင်ဆိုင်တာကို မလိုလား နောက်က
ကန်ချတာကိုပဲ လိုလားတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
ဒဏ်ခတ်ပိတ်ဆို့တာကို မလိုလား
အထီးကျန်တံခါးပိတ်တာကိုပဲ လိုလားတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
အလုံးစုံပျက်သုဉ်းရေးကို မလိုလား
ပြည်တွင်းစစ်ခင်းရေးကိုပဲ လိုလားတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
တွေ့ဆုံဆွေးနွေးသင့်မြတ်ရေးအစား
အပြုတ်တိုက်ရေးနဲ့ လောင်းတမ်းကစားလိုတယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ
ဘုရားမကြောက် တရားမကြောက် သံဃာမကြောက်
သေနတ်အားကိုးသူ သေနတ်အကြောက်ဆုံးဖြစ်တယ်
ခင်ဗျားရင်ဆိုင်နေရသူဟာ ညီလာခံတု
ဖွဲ့စည်းပုံတု လမ်းပြမြေပုံတု လုပ်တယ် ငွေစက္ကူတု
ရာထူးတု တံဆိပ်တုံးတု ထုတ်တယ်
အာဏာမြဲဖို့ဆို
တိုင်းပြည်ကိုတောင် အတုလုပ်မယ့်ကောင် အတုတွေ
များလွန်းလို့
ကိုယ်တိုင်တောင် အကောင်တုကြီးဖြစ်သွားပါရော။
။ |