Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

စက်တင်ဘာနှစ်ပတ်လည်နီးလာချိန်တွင် လုံခြုံရေးများ ပိုမိုတင်းကြပ် 

ရိုးမ ၃။ စက်တင်ဘာ ၁၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးကပ်လာချိန်တွင် ရန်ကုန်မြို့နေရာအနှံ့အပြားတွင် လုံခြုံရေးများ တင်းတင်းကြပ်ကြပ်ချထား၍ အချို့နေရာများ တွင် ညမထွက်ရန် ကန့်သတ်မှုများ ပြုလုပ်ထားသည်။ 

ရန်ကုန်မြို့ နယ်နိမိတ်အတွင်းရှိ ဆူးလေဘုရားအနီး၊ လမ်း (၃၀) ပတ်ဝန်းကျင်၊ လှိုင်သာယာ ဘုရင့်နောင်ပွဲရုံတန်းဘက်များနှင့် ကမာရွတ်မြို့နယ်ဘက်များတွင် ညပိုင်း (၁၀) ခွဲနောက်ပိုင်း တွင် စားသောက်ဆိုင်များကို ပိတ်ခိုင်းထားကြောင်း ဒေသခံတဦးကပြောသည်။ 

“လုံခြုံရေးတွေကတော့ တော်တော်တင်းကြပ်လာတယ်၊ ရန်ကုန်မှာဆို ဓါတ်တိုင်တတိုင်မှာ ရဲ နှစ်ယောက်လောက်ရှိတယ်၊ အရပ်ဝတ်တွေနဲ့လည်းရှိတယ်၊ (၁၀) နာရီနောက်ပိုင်း အပြင် မထွက်ခိုင်းတော့ဘူး၊ လ္ဘက်ရည်ဆိုင်တွေ၊ ညပိုင်းဆိုက်ကားသမားတွေကို စီမံချက်ပုံစံနဲ့ ရက်အကန့်သတ်မရှိ ကန့်သတ်မှုတွေလုပ်ထားတယ်၊ အဲလိုလုပ်နေတာ နှစ်ရက်သုံးရက်ရှိနေပြီ” ဟုပြောသည်။

ထို့အပြင် ကမာရွတ်မြို့နယ်အတွင်း စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေလှုပ်ရှား မှုများလည်း ရှိနေကြောင်းနှင့် အထူးသဖြင့် ဘုန်းကြီးကျောင်းများကို အာဏာပိုင်များဘက်က လုံခြုံရေးများတိုးမြှင့်ချထား၍ စောင့်ကြည့်နေလျှက်ရှိသည်ဟု ၎င်းဆက်လက်ပြောသည်။ 

အာဏာပိုင်များဘက်က ယခုကဲ့သို့ လုံခြုံရေးများ တင်းကြပ်ထားသော်လည်း ရန်ကုန်လူထုက စိုးရိမ်မှုတစုံတရာမရှိကြောင်းနှင့် ပုံမှန်သွားလာမှုများရှိနေသည်ဟု ပြောသည်။ 

“အခုဆိုရင် (၁၀) နာရီကျော်ရင် ဆိုင်တွေက အကုန်ပိတ်ရတယ်၊ ဘောလုံးပွဲတွေတောင်ပြလို့ မရတော့ဘူး၊ ဒါပေမဲ့လည်း အားလုံးကတော့ သွားသွားလာလာပါဘဲ၊ စိုးရိမ်တာတွေ ဘာတွေ ဘာမှမရှိပါဘူး၊ ကိုယ့်အလုပ် ကိုယ်လုပ်နေတာ၊ သူတို့ကိုခေါင်းထဲထည့်ရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူးလေ” ဟု မြို့ခံက ဆက်လက်ပြောသည်။ 

စစ်အစိုးရအာဏာပိုင်များက သံဃာတော်များဦးဆောင်ခဲ့သည့် ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် တနှစ်ပြည့် နှစ်ပတ်လည်နီးကပ်လာချိန်တွင် ရန်ကုန်၊ ပခုက္ကူ၊  မန္တလေး၊ စစ်တွေမြို့ကြီးများအပြင် အခြားမြို့ကြီးများတွင်လည်း လုံခြုံရေးများချထားခြင်း၊ ကားများဖြင့် မြို့တွင်းနေရာအနှံ့ ကင်းလှည့်ခြင်း၊ ဘုန်းကြီးကျောင်းများကို စောင့်ကြည့်မှုများ ပြုလုပ်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com