|
စစ်တွေတွင်
ဦးဥတ္တမနေ့ အထိမ်းမှတ် တီရှပ်များဝတ်ဆင်ကာ
ဟောပြောပွဲများပြုလုပ်
ဖြိုးကြီး။
စက်တင်ဘာ ၉၊ ၂၀၀၈
ယနေ့ကျရောက်သည့် (၆၉)နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းမှတ်ဖြင့်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဦးဥတ္တမရုပ်ပုံပါ
တီရှပ်အင်္ကျီများဖြန့်ဝေခဲ့ပြီး ဟောပြောပွဲများလည်း ပြုလုပ်ခဲ့ သည်။
စစ်တွေမြို့ပေါ်တွင် ယမန်နေ့ညနေပိုင်းမှစတင်ကာ ကျောင်းသားလူငယ်များက
၎င်းအင်္ကျီများ ဖြန့်ဝေခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကျောင်းသားပြည်သူများက
ဝတ်ဆင်ကာ ဆိုင်ကယ်များ၊ ကားများဖြင့် သွားလာနေကြသည်။
“ဦးဥတ္တမကို သတိရစေဖို့၊ အမျိုးသားရေးစိတ်ဓါတ် နိုးကြား ဖို့ရယ်၊
ရှင်ဥတ္တမလို ပုဂ္ဂိုလ်မျိုးတွေ နောင်လာ နောက် သားတွေမှာ
ပေါ်ပေါက်ဖို့အတွက်နဲ့ဥတ္တမနေ့ကိုလည်း
မမေ့နိုင်ဖို့ကျနော်တို့ လုပ်တာပါ” ဟု စစ်တွေမြို့မှ တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။
ထောင်နှင့်ချီသည့် ဦးဥတ္တမ ရုပ်ပုံပါအင်္ကျီများတွင် လေးရပ်ဝတီကို
ညွှန်ပြသည့် သင်္ကေတ အဖြစ် နေဝန်းပုံအဝိုင်းတွင် သဇင်ပန်းခက်နှစ်ခက်ကိုပါ
ရိုက်နှိပ်ထားပြီး တက္ကသိုလ်ကျောင်းဝန်း များနှင့် ရပ်ကွက်များအတွင်း
လိုက်လံဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။
“တက္ကသိုလ်ဘက်ကို အထည် တထောင်ကျော် နှစ်ထောင်လောက် ဝေလိုက်နိုင်ပါတယ်၊
ရပ်ကွက်တွေမှာလဲ တော်တော်များများပါ၊
ပွင့်ပွင့်လင်းလင်းလဲမလုပ်ရဆိုတော့ ကျောင်းသား တွေက အခုလိုလုပ်ကြတာပါ၊
ကျောင်းသားထုတွေ ထဲမှာတော့ဘယ်လိုပြောမလဲ သူတို့က ဝမ်းမြောက်ကြပါတယ်၊
ဒီလိုအင်္ကျီတွေကို ဝတ်ဆင်ကြတဲ့အခါကြတော့ တဖက်က လုပ်ကြတဲ့ သူတွေလည်း
ပျော်နေကြပါတယ်” ဟု ကျောင်းသားတဦးက ပြောသည်။
ထို့အပြင် ဘုန်းကြီးကျောင်းများ၊ရပ်ကွက်အတွင်းမှ နေအိမ်များတွင် ရတု၊
ကဗျာရွတ်ဆိုခြင်းနှင့် ဟောပြောပွဲများ လည်း ပြုလုပ်ခဲ့ကြောင်း
စစ်တွေမြို့ပေါ်မှဒေသခံတဦးကပြောသည်။
“ဟောပြောပွဲ၊ကဗျာရွတ်ပွဲတွေကို ရှင်ဥတ္တမနေ့နဲ့ ဆက်စပ်ပြီးတော့
လုပ်ကြတယ်လေ၊ လုပ်တဲ့ နေရာတွေက အသိမိတ်ဆွေအိမ်တွေစုပြီး
ဘုန်းကြီးကျောင်းတွေမှာလုပ်တာ၊ လွတ်လပ်ရေး အတွက် မျက်စေ့ဖွင့်ပေးခဲ့တဲ့
သံဃာ ခေါင်းဆောင်ကြီးတယောက်ကို အသိမှတ်ပြုပြီးတော့ ဒီနေ့ဟာ
ဆရာတော်ဦးဥတ္တမနေ့ ဖြစ်တယ်ဆိုပြီးတော့လုပ်ကြတာပါ” ဟု ၎င်းက ဆက်ပြော သည်။
ဆရာတော်ဦးဥတ္တမနေ့ အထိမ်းမှတ်ပြုလုပ်ခြင်းနှင့်ပတ်သက်၍
အာဏာပိုင်များဘက်က ဦးဥတ္တမပန်းခြံဘက်နှင့် မြို့ထဲတွင် လုံခြုံရေးအတွက်
စစ်သားများစောင့်ကြည့်နေမှုများ ရှိနေ သည်ဟု မြို့ခံက ဆက်ပြောသည်။
ဆရာတော်ဦးဥတ္တမသည် လွတ်လပ်ရေးအတွက် မြန်မာပြည်သူများကို
နိုင်ငံရေးမျက်စေ့ဖွင့်ပေး ခဲ့သည့် သံဃာ့အာဇာနည်တပါးဖြစ်ပြီး
(၁၉၃၉)ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး၌ ဘဝနတ်ထံ
ပျံလွန်တော်မှုခဲ့သည်။ |