|
ဦးဥတ္တမနေ့အထိမ်းမှတ်
တီရှပ်ဝတ်ဆင်ထားသူများကို ရဲများက ခေါ်ယူစစ်ဆေးမှုများပြုလုပ်
ဖြိုးကြီး။
စက်တင်ဘာ ၁၀၊ ၂၀၀၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်တွင် ဦးဥတ္တမနေ့အထိမ်းမှတ်
တီရှပ်များဝတ်ဆင်ထားသည့် လူငယ်များကို အာဏာပိုင်များက
ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသည်။
ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ရိုးမဘတ္ထရီဆိုင်တွင် အလုပ်လုပ်နေသည့် လူငယ်တဦးနှင့် ရူပတောင်ရပ်ကွက်မှ
လူငယ်တဦးအား အမှတ်(၁) ရဲစခန်းမှ အာဏာပိုင်များက ခေါ်ယူ စစ်ဆေးမှုများ
ပြုလုပ်ခဲ့ကြောင်း မြို့ခံတဦးက ပြောဆိုသည်။
“ဖမ်းတာက (၁၂) နာရီ ဝန်းကျင်လောက်က ဖမ်းတာ၊ အဲဒီကောင်လေးက
ဦးဥတ္တမပုံပါတဲ့ တီရှပ်ကိုဝတ်ထားပြီး ဆေးသုတ်နေတာ၊
ရိုးမဘတ္ထရီဆိုင်က အလုပ်သမားပါ၊ အဲဒါကို
ရဲတွေက ခေါ်သွားတာ၊ နောက်တယောက်ကတော့ ရူပတောင်ရပ်ကွက်ထဲကပါ” ဟု ပြောသည်။
အာဏာပိုင်များက ယခုကဲ့သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်
ရိုးမဘထ္ထရီဆိုင်မှ မောင်သိန်းရွှေကို ညနေ(၃) နာရီခန့်တွင်
ပြန်လည်လွှတ်ပေးလိုက်ပြီး ဆိုင်ပိုင်ရှင်ကို
လိုက်လံ ရှာဖွေမှုများ ပြုလုပ်နေသည်ဟု မြို့ခံက ဆက်ပြောသည်။
“ဆိုင်ပိုင်ရှင်ကိုလဲ ရဲတွေကတော့ လိုက်ရှာနေတယ်၊ ဘာကြောင့်လဲတော့မသိဘူး၊
တယောက်ကို တော့ပြန်လွှတ်လိုက်တယ်၊ ကျန်တဲ့တယောက်ကတော့ လွှတ်လား
မလွှတ်လားမသိဘူး၊ သူတို့ မိဘတွေကို သွားမေးတော့လဲ သူတို့တောင်
မသိသေးဘူးလို့ပြောတယ်” ဟု ပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုများနှင့် ပတ်သက်၍ စစ်တွေမြို့ အမှတ်(၁)
ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် ၎င်းလူငယ်များကို ခေါ်ယူမေးမြန်းသည်မှာ
မှန်ကန်သော်လည်း ဖမ်းဆီး မေးမြန်းခြင်းမဟုတ်ဘဲ လုံခြုံရေးအရ လမ်းမှာပင်
မေးမြန်းခြင်းဖြစ်သည်ဟု စခန်းမှူး ကိုကိုဦးက ပြောသည်။
“ဖမ်းတာမရှိပါဘူး၊ ခေါ်မေးတာလောက်ပါဘဲ၊ သူတို့ ပုဂ္ဂလိက ဝတ်တာကို
ကျနော်တို့ဘာမှ မပြောပါဘူး၊ ထိန်းသိမ်းတာလဲမရှိပါဘူး၊ သူတို့လဲ
အခုသွားလာနေကြတာပါဘဲ၊ သူတို့ကို ဟိုဟာ ဒီဟာတွေ မေးတာလဲမရှိပါဘူး” ဟု ၎င်းက
ပြန်လည်ဖြေကြားခဲ့သည်။ |