|
ဘုန်းကြီးကျောင်းကို စီးနင်းရှာဖွေပြီး ကျောင်းထိုင်ဆရာတော် ဖမ်းဆီးခံရ
ရိုးမ ၃။
စက်တင်ဘာ ၅၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက သံလျင်မြို့ရှိ ဘုန်းကြီးကျောင်းတိုက်အား
ဝင်ရောက်စီးနင်းရှာဖွေ မှုများပြုလုပ်ပြီး
ကျောင်းထိုင်ဆရာတော်အား ဖမ်းဆီးခေါ်ဆောင်သွားသည်။
ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် ဗိုလ်ချုပ်ရွာရှိ
မာလာရုံကျောင်းတိုက်အား ယနေ့ နံနက် (၂) နာရီ ဝန်းကျင်တွင် လူတစုက
ဝင်ရောက်ကာ မိနစ် (၄၀) ခန့် ရှာဖွေမှုများ ပြုလုပ်ပြီးနောက်
ကျောင်းထိုင်ဆရာတော် ဦးသီလဝံသကို ဖမ်းဆီးသွားသည်ဟု
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)က
သတင်းထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ဝင်ရောက်စီးနင်း ရှာဖွေမှုများပြုလုပ်ရာတွင် အင်အား (၂၄)
ဦးခန့်ရှိပြီး အရပ်ဝတ်များ ဝတ်ဆင်ထားကြောင်းနှင့်
၎င်းတို့အသုံးပြုသည့် မော်တော်ယဉ်များမှာ သံလျင်(မယက)ရုံးမှ
ဒိုင်နာကား ၁ စီးနှင့် ပစ်ကပ်အမျိုးအစား ကား ၂ စီးတို့ဖြစ်သည်ဟု
အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ဖမ်းဆီးမှုများပြုလုပ်နေစဉ် သံဃာတော်များအား ဝမ်းလျားမှောက်ခိုင်းထား၍
ကျောင်းပြင်သို့ မထွက်ရန် ညွှန်ကြားခဲ့ပြီး ယခုကဲ့သို့
ဖမ်းဆီးရခြင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရွာရဲစခန်းနှင့်
သံလျင်ရဲစခန်းများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ၎င်းတို့
ဖမ်းဆီးခဲ့ခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ မာလာရုံကျောင်းတိုက်တွင် သံဃာတော် (၁၇)
ပါး သီတင်းသုံးလျှက်ရှိပြီး ယခုကဲ့သို့ ဝင်ရောက်စီးနင်း၍
ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးသွားသည့်ကိစ္စကိုမှု အတိအကျ မသိရှိရ
သေးပေ။ |