|
တောင်းဆိုချက်များမရရှိပါက ရုံးမထွက်ဘဲ
တိုက်ပွဲဝင်မည်ဟု အရှင်ဂမ္ဘီရမိန့်ဆို
ဗထူး။
စက်တင်ဘာ ၃၊ ၂၀၀၈
သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရက တောင်းဆိုထားသည့်အချက်များကို
လိုက်လျှော ခြင်းမရှိပါက ရုံးမထွက်ဘဲ ပြည်သူလူထုနှင့်
ရဟန်းသံဃာများအတွက် အသက်ပေးလှူပြီး တိုက်ပွဲဝင်သွားမည်ဟု
မိသားစုဝင်များအား မိန့်ကြားလိုက်သည်။
ပုဒ်မ (၉)
ခုဖြင့် တရားစွဲဆိုခံထားရသည့် အရှင်ဂမ္ဘီရအား စစ်အစိုးရတရားရုံးက
ပြီးခဲ့သည့် တနင်္လာနေ့က ရုံးထုတ်စစ်ဆေးခဲ့ရာ လက်ထိပ်ခတ်ခံထားရသည်ကို
မကျေမနပ်ဖြစ်ကာ ယခု ကဲ့သို့ မိန့်ကြားခြင်းဖြစ်သည်။
“နောက်ရုံးထုတ်လို့ လက်ထိပ်ခတ်ထားမယ်၊ သင်္ဃန်းဝတ်ခွင့် မပေးဘူး၊
အများပြည်သူကြားနာ နိုင်မဲ့ နေရာမှာ တရားစီရင်မှု မရှိဘူးဆိုရင်
လာမဲ့ရုံးချိန်းတွေမှာ ရုံးမထွက်တော့ဘူးလို့ မိန့်တယ်၊
အဲ့လိုရုံးမထွက်လို့ ညှဉ်းပန်းနှိပ်စက်တာလုပ်ရင်လည်း
ဦးဇင်းကြောက်သွားမှာ မဟုတ်ဘူး၊ လူ့အခွင့်အရေးချိုးဖောက်နေတာတွေကို
ကာကွယ်သွားမယ်လို့ မိန့်သွားတယ်”ဟု ပြီးခဲ့သည့် တနင်္လာနေ့က
ရုံးချိန်းသို့သွားရောက်ခဲ့သူ မိသားစုဝင်တဦးက ပြောဆိုသည်။
ထိုနေ့က
အမှုစစ်ဆေးသူမှာ ကမာရွတ်မြို့နယ်တရားသူကြီးဖြစ်ပြီး
ရှေ့နေဦးအောင်သိန်းမှ သံဃာများ၏ ဆန္ဒလည်းမပါ၊ ပါရာဇိကကံလည်းမမြောက်၊
ဝိနည်းမပျက်သည့် သံဃာတပါး၏ သင်္ဃန်းကို အတင်းချွတ်၍
အရပ်ဖက်တရားစီရင်ခွင့်ကို ယခုအချိန်အထိ တရားဥပဒေတွင်
ပြဌာန်းထားခြင်းမရှိကြောင်း လျှောက်လဲခဲ့ရာ တရားရုံးမှ ပယ်ချခဲ့သည်။
ယနေ့တွင်
အရှင်ဂမ္ဘီရအပါအဝင် (၁၁) ဦးအား အနောက်ပိုင်းခရိုင်တရားရုံးနှင့်
အလုံတရားရုံးတို့ တွင် ရုံးထုတ်စစ်ဆေးခဲ့ရာ ရှေ့နေဦးခင်မောင်ရှိန်က
ထိုသူများအားလုံး လက်ထိပ်ခတ်ထား ကြောင်း ပြောဆိုသည်။
ရှေ့နေဦးခင်မောင်ရှိန်က “ရဟန်းသံဃာတွေကိစ္စပေါ့၊ အရှင်ဂမ္ဘီရအတွက်က
ပထမပိုင်းကလည်း လျှောက်ထားတာရှိတယ်၊ ရဟန်းသံဃာတော်များနှင့်ပတ်သက်ပြီး
အရပ်ဖက်ဆိုင်ရာ တရားရုံး များက စီရင်ပိုင်ခွင့်အာဏာမရှိသေး၍
အမှုဆိုင်းငံ့ထားပေးရန် လျှောက်ထားခြင်းဆိုပြီး လျှောက်ထားတယ်၊
အဲ့ဒါနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်လျှောက်တယ်၊ အနောက်ပိုင်းခရိုင်
တရားရုံးမှာကတော့ လျှောက်ထားချက်ကို လက်ခံထားတယ်၊ နောက်ရုံးချိန်းမှာ
အမိန့်ချမယ်” ဟု ပြောသည်။
နောက်ရုံးချိန်းတွင် လျှောက်ထားတင်ပြသည်ကို ရုံးမှ
လက်ခံအမိန့်ချမှတ်ပါက အမှုအားဆိုင်းငံ့ ထားမည်ဖြစ်ပြီး ဝိနည်းနှင့်အညီ
ဝိနိစ္စယခုံရုံးအဆုံးအဖြတ်ဖြင့် လူဝတ်လဲကာ ပြစ်မှုဆိုင်ရာ တရားရုံးမှ
ဆက်လက်ဆောင်ရွက်သွားရမည်သာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယနေ့ရုံးထုတ်ခဲ့သည့်သံဃာများမှာ အရှင်အိန္ဒိယ၊ အရှင်သုမန၊ အရှင်အိန္ဒက၊
ဦးကေလာသ၊ ကိုအောင်ကျော်ကျော်တို့အပြင်
ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားသူ ကိုထင်ကျော်၊ ကိုကျော်ဝင်း
(မြစ်ချေ)၊ တောင်ဒဂုံမြို့နယ်တရားရုံးတွင် အရှင်ခေမာဝံသတို့ပါဝင်ပြီး
သံဃာများ အားလုံးအတွက် အရပ်ဖက်ဆိုင်ရာ တရားရုံးများက
စီရင်ပိုင်ခွင့်အာဏာမရှိသေး၍ အမှုဆိုင်းငံ့ ထားရန် လျှောက်ထားသည်ဟု
ရှေ့နေဦးခင်မောင်ရှိန်က ပြောသည်။
၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား မနက်ဖြန်တွင် ရုံးထုတ်မည်ဖြစ်ပြီး
အရှင်ဂမ္ဘီရ အမှုအား ယခုလ (၁၀) ရက်နေ့တွင် ရုံးချိန်းသတ်မှတ်လိုက်သည်။
အရှင်ဂမ္ဘီရ
ယနေ့ရုံးထွက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ရှေ့နေဦးအောင်သိန်းက “မိသားစုတွေ
ပြောတာတော့ ကြားတယ်၊ ရုံးမထွက်တော့ဘူးဆိုတာ၊ ဒါပေမဲ့ အခြေတခုရဲ့
အမိန့်တစုံတရာကို လည်း စောင့်ဖို့ရှိပါတယ်၊ အဲ့ဒါကြောင့်
ထွက်နေသေးတယ်လို့ ထင်တယ်၊ တချို့အမှုတွေမှာ လျှောက်ထားတင်ပြထားတာရှိတယ်”ဟု ပြောဆိုသွားခဲ့သည်။ |