Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လူ့အခွင့်အရေးကာကွယ်သူကို စစ်အစိုးရက အကြမ်းဖက်သမားအဖြစ် စွပ်စွဲ  

ဖြိုးကြီး။ စက်တင်ဘာ ၈၊ ၂၀၀၈ 

စစ်အစိုးရ သတင်းစာရှင်းလင်းပွဲတွင် အာဏာပိုင်များက လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူကို အကြမ်းဖက် သမားများအဖြစ် စွပ်စွဲပြောဆိုခြင်းသည် အာဏာရှင်တို့၏ ထုံးစံအတိုင်း လုပ် ဆောင်ခြင်းသာဖြစ်သည်ဟု  မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု(FDB) ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်ထက်က ယနေ့ ပြောဆိုလိုက်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် စစ်အစိုးရ၏ သတင်းစာရှင်းလင်းပွဲ(၁/၂၀၀၈) တွင် လူ့အခွင့်အရေး ကာကွယ်သူ ဦးမြင့်အေးအား ဗုံးဖေါက်ခွဲသူ အကြမ်းဖက်သမားအဖြစ် ရဲချုပ်ခင်ရီက စွပ်စွဲ ပြောဆိုခဲ့ခြင်းအပေါ် တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဖက်ဆစ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အာဏာရှင်ဆိုတာ လူထုကို ဦးဆောင်နိုင်စွမ်းရှိတဲ့သူတွေ၊ အာဏာရှင်တွေကို လူထုရှေ့ကနေ ဆန့်ကျင်ခေါင်းဆောင်သွားနိုင်တဲ့သူတွေကို အဲလိုပဲ ပုံဖျက် တတ်ကြတယ်၊ လူ့အခွင့်အရေးသမားတယောက်ကို အခုလို ဗုံးခွဲတဲ့အကြမ်းဖက်သမား တယောက်အနေနဲ့ ပုံဖျက်တာကတော့ အာဏာရှင်တွေရဲ့ ထုံးစံအတိုင်း လုပ်နေကျပဲလို့ မြင်တယ်”ဟု ဦးကျော်ထက်က ပြောသည်။ 

ဦးမြင့်အေးသည် ပြည်သူလူထုအပေါ် လူ့အခွင့်အရေးကိစ္စများ ပိုမိုသိလာအောင် လုပ်ဆောင် နေသူတဦးဖြစ်ပြီး ဒုက္ခရောက်နေသည့် လူထုအပေါ် တတ်စွမ်းသမျှကူညီကာ မတရားမှုများကို ကာကွယ်နေသူတဦးသာဖြစ်သည်ဟု ပြောသည်။ 

စစ်အစိုးရအာဏာပိုင်များက ဇူလိုင်လ (၁) ရက်နေ့၊ ရွှေပြည်သာမြို့ ကြံ့ဖွံ့ရုံးဗုံးပေါက်ကွဲမှုဖြစ်စဉ် တွင် ပြည်ပရှိ (FDB) အဖွဲ့၏ ခိုင်းစေချက်အရ ဦးမြင့်အေးနှင့် စစ်နိုင်ဆိုသူတို့က ရန်ရွှေထံသို့ ဖောက်ခွဲရေးပစ္စည်များ ပေးခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ရဲချုပ်ခင်ရီက ပြောဆိုခဲ့သည်။ 

“ကြံ့ဖွံ့ရုံးဗုံးပေါက်တဲ့ကိစ္စနဲ့ပတ်သက်လို့ကတော့ စက်တင်ဘာမှာ ဘာလက်နက်မှ မပါတဲ့ သံဃာတော်တွေကို ဘာသာ၊ သာသနာမှန်းမသိ၊ မတရား ရိုက်နှက်ဖမ်းဆီးတာတယ်၊ ဘေးက ကြည့်နေတဲ့လူတွေကိုတောင် အဓမ္မရိုက်နှက်ဖမ်းတာ၊ အဲလိုဖိနှိပ်မှုတွေ ပြင်းထန်လို့ရှိရင် တန်ပြန်မှုတွေဖြစ်လာတာဟာ ဓမ္မတာပဲ၊ ဖိနှိပ်မှုတွေကို တန်ပြန်တဲ့ လုပ်ရပ်မျိုးတွေက ကျနော်တို့ မလုပ်ပေမဲ့ ဒီကိစ္စတွေအပေါ်မှာတော့ ကျနော်တို့က ထောက်ခံရလိမ့်မယ်၊ ကျနော်ကတော့ အဲလိုပဲမြင်တယ်” ဟု ဦးကျော်ထက်က ဆက်ပြောသည်။ 

ကြံ့ဖွံ့အဖွဲ့သည် ပြည်သူလူထုကို မတရားဖိနှိပ်၊ မတရားသည့် အမိန့်များ၊ ဥပဒေများဖြင့် အုပ်ချုပ် နေသည့် အာဏာရှင်များကို ကျားကန်ပေးထားသည့် ဒေါက်တိုင်များသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com