|
လျော်ကြေးမပေးလိုသဖြင့် သင်္ဘောကို အဆုံးခံလိုက်ကြောင်း သတင်းများထွက်ပေါ်
ဖြိုးကြီး။
စက်တင်ဘာ ၂၇၊ ၂၀၀၈
ယခုလ (၂၁) ရက်နေ့က နစ်မြုပ်ခဲ့သည့် ဖားရွှေကျော်သင်္ဘောအား ပြန်လည်ဖော်ပါက
လျော်ကြေးငွေများ ပြန်ပေးရမည်ဖြစ်သည့်အတွက် သင်္ဘောကိုသာ
အဆုံးခံလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဆုံးရှုံးသွားသည့် ကုန်ပစ္စည်းများ လျော်ကြေးငွေတန်ဖိုးပမာဏာမှာ
သိန်းပေါင်း ထောင်ချီနေ သည့်အပြင် သင်္ဘောပြန်လည်ဖော်ပါက
ကုန်ကျစရိတ်များမှာ အဆမတန်များပြားလှသည့် အတွက်ကြောင့် ယခုကဲ့သို့
အဆုံးရှုံးခံလိုက်ခြင်းဖြစ်သည်။
“အခုမြုပ်သွားတဲ့ သင်္ဘောကို သူတို့က အဆုံးခံလိုက်တဲ့သဘော လုပ်နေတယ်၊
မြုပ်သွားတာကို ပြန်ဖော်ရင် သူတို့ အကုန်ပြန်လျော်ရမယ်၊
ကုန်သည်တွေကလည်း ပြောနေကြတယ်၊ အဲဒီ သင်္ဘောကလည်း ဝယ်ထားတာ
သိပ်မကြာသေးတော့ သင်္ဘောကိုပဲ အဆုံးရှုံးခံမဲ့သဘောမျိုး လုပ်နေတာ”ဟု
ကော့သောင်းမြို့မှ လုပ်ငန်းရှင်တဦးက ပြောသည်။
ဖားရွှေကျော်သင်္ဘောကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အကိုဖြစ်သူ
ဦးကျော်ဝင်း၊ ဒေါ်တင်တင်တို့က
မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်းမှ မကြာသေးခင်က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး
(၄) ခေါက်မြောက်ပြေးဆွဲစဉ် ယခုကဲ့သို့ နစ်မြုပ်သွားခြင်းဖြစ်သည်။
“ဖားရွှေကျော်ကို ဝယ်လိုက်တာ သိပ်မကြာသေးဘူး၊ ကျော်မေခလာ၊
ကျော်ရတနာဆိုတဲ့ သင်္ဘောနှစ်စင်းလဲ ရှိတယ်၊ ကပ္ပတိန်က
မိသားစုဝင်ထဲကတယောက်ကို ခန့်လိုက်တာ သိပ်မကြာ သေးဘူး၊ အစတုန်းက
နှစ်ယောက်ပဲရှိတယ်၊ ဒါပေမဲ့ သင်္ဘောသားဝန်ထမ်းက အရင်နှစ်စင်းမှာ တုန်းက
အယောက် ၂၀ လောက်ပဲထားတာ”ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ဖားရွှေကျော်သင်္ဘောသည် အခြားသင်္ဘောများထက်
ကုန်ပစ္စည်းများပိုတင်ရပြီး တလ အတွင်း နှစ်ခေါက်ပြေးဆွဲရသည်ဟု ၎င်းက
ဆက်ပြောသည်။
“သူတို့က ဒေါက်တင်၊ အင်ဂျင်လဲပြီး ပြန်သုံးတာ၊ အစိုးရဆီက
ဝယ်လိုက်ပြီးနောက်မှာ ဒေါက်တင်တာက တနှစ်ကျော်လောက်ကြာတယ်၊
တခြားပြုပြင်တာတွေတော့ သိပ်မရှိဘဲ ဒီတိုင်းပြေးဆွဲနေတာ၊ သင်္ဘောက
တော်တော်အိုနေပြီ”ဟု အဆိုပါလုပ်ငန်းရှင်က ဆက်ပြော သည်။ |