|
အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့်
ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်
ဖြိုးကြီး။
စက်တင်ဘာ ၂၉၊ ၂၀၀၈
စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင်
အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ
အများဆုံးပါဝင်သည်ဟု ဆိုသည်။
ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏
စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ
အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက
ပြောသည်။
“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀)
လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊
ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။
အမှတ် (၁) ထောက်လှမ်းရေးမှ ဗိုလ်မှူး သောင်းကျော်ရှင်း၊ အမှတ် (၇)
ထောက်လှမ်းရေးမှ ဗိုလ်ကြီးသိန်းဝင်း၊ အမှတ် (၁၄) မှ ဗိုလ်ကြီး
သန်းနိုင်နှင့် အရာခံဗိုလ် သက်ဇော်မှူးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု
၎င်းက ဆက်ပြောသည်။
“သူတို့တွေက နှစ်ကြီးသမားတွေလေ၊ အနှစ် (၃၀) နဲ့ (၄၀) ကြားမှ
ကျနေတဲ့သူတွေပဲ၊ အဲဒီ ထဲက အဖွဲ့တွေတော်တော်များများ ပါလာတယ်၊
အကောက်ခွန်အဖွဲ့တွေလဲ ပါတယ်”ဟု ပြောသည်။
အကောက်ခွန်ဝန်ထမ်းများကို ပြန်လွှတ်ပေးရာတွင် မူဆယ် (၁၀၅) မိုင်ဂိတ်မှ
ဝန်ထမ်းများလည်း ပါဝင်ပြီး အချို့ကို
ပြန်လည်စီစစ်မှုများပြုလုပ်နေသည့်ဟု အကောက်ခွန်စီမံရေးရာ တာဝန်ရှိသူ
တဦးက ပြောသည်။
“မူဆယ်မှာ ဘယ်သူတွေ လွှတ်တယ်ဆိုတာတော့ မသိသေးဘူး၊ မူဆယ်က အကုန်လွှတ်ပေး
တာတော့မဟုတ်ဘူး၊ အမှုဖိုင်ထဲမှာ ပြန်စီစစ်ရင်းနဲ့ အမှုနဲ့သိပ်မပက်သက်တဲ့
သူတွေကတော့ လွတ်တယ်”ဟု ပြောသည်။
စစ်အစိုးရက အကျဉ်းသား (၉၀၀၀) ကျော် ပြန်လွှတ်လိုက်သည်ဟုဆိုသော်လည်း
စစ်ထောက် လှမ်းရေးအဖွဲ့များ၊ အကောက်ခွန်ဝန်ထမ်းများနှင့်
အခြားရာဇဝတ်ပြစ်မှုဆိုင်ရာ အကျဉ်းသားများ အများဆုံးပါဝင်ပြီး
နိုင်ငံရေးအကျဉ်းသား (၈) ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးကျဉ်းသားများ
ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး
ဦးတိတ်နိုင်က အတည်ပြုပြော ဆိုသည်။ |