Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

မြင်းခြံတွင် တက္ကသိုလ်ကျောင်းသားတဦး ဓါးထိုးခံရ၍ သေဆုံး

ဗထူး။ စက်တင်ဘာ ၁၁၊ ၂၀၀၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဒီဂရီကောလိပ်ကျောင်းသားတဦး ယမန်နေ့ညက ဓါးထိုးခံရကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ 

သတ္တဗေဒ ဒုတိယနှစ်ကျောင်းသား၊ ချင်းအမျိုးသား နန်မုန်ရှေင်း အသက် (၁၉) နှစ်မှာ နှစ်ကျိပ် ရှစ်ဆူဘုရားပွဲမှ ပြန်လာစဉ် အရက်မူးနေသည့် လူတစုက ရိုက်နှက်ခဲ့ပြီးနောက် နောက်ကျော တွင် ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မြင်းခြံတက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။ 

“သူ့မိဘတွေတော့ အကြောင်းကြားထားတယ်၊ မနက်ဖြန်မှ ရောက်မယ်၊ ရဲက အခုချိန်ထိ ဘာမှ အရေးယူဆောင်ရွက်တာမရှိသေးဘူး၊ မြင်းခြံနှစ်ကျိပ်ရှစ်ဆူဘုရားလှည့်တဲ့ပွဲကအပြန် အမှတ် (၁) ရဲစခန်းနားမှာဖြစ်တာ၊ ရဲစခန်းမှာဖြစ်ပြီး အဲညပဲ အမှုဖွင့်ထားတယ်၊ ကျနော်တို့သိတဲ့ အချိန်ကျတော့ ည (၁၀) နာရီလောက်ဖြစ်သွားပြီ၊ဖြစ်တာက (၉) နာရီခွဲလောက်မှာဖြစ်တာ” ဟု အဆိုပါတက္ကသိုလ်ကျောင်းသားက ပြောသည်။ 

ယခုအမှုကို ဦးလေးဖြစ်သူမှ အမှုဖွင့်တိုင်ကြားထားပြီး သေဆုံးသူ နန်မုန်ရှေင်းသည် ရိုးသားစွာ နေထိုင်သူဖြစ်ကာ နိုင်ငံရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်သူဖြစ်ကြောင်းနှင့် ရိုက်နှက်သူများ ထဲတွင် မြင်းခြံခရိုင် ကြံ့ဖွံ့အဖွဲ့ဝင်များ၏ တူသားများ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။ 

ယခုသေဆုံးမှုနှင့်ပတ်သက်၍ မြင်းခြံမြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ကျ ဒုရဲအရာရှိတဦးက ဖြေဆိုခွင့်မရှိကြောင်း ပြောဆိုသည်။ 

မြင်းခြံမြို့နယ်ဆေးရုံအုပ်ကြီးက “အဲဒါက တခါတည်းသေသွားတာပါ၊ ဓါးမြှောင်လို ချွန်ထက်တဲ့ အရာနဲ့ ထိုးသွင်းဒဏ်ရာကြောင့် သေသွားတာပါ၊ နောက်ကျောဘက်ကထိုးတာပါ၊ ည (၁၀) နာရီလောက် ရောက်တာပါ၊ ဖြစ်တာက (၉) နာရီ (၁၅) လောက်မှာ၊ သေတာက (၉) နာရီ (၄၅) မိနစ်လောက်မှာ သေတာပါ၊ ဖြစ်တာက မြင်းခြံဈေးကြီးတောင်ဘက် အရက်ဆိုင်နားမှာ ဖြစ်တာ၊ သေဆုံးသူက အရက်သေစာ သောက်စားထားတာလဲမရှိဘူး၊ ဇာတိက ချင်းပြည်နယ် ကန်ပက်လက်ဇာတိပါ”ဟု ပြောဆိုသည်။ 

သေဆုံးသူ နန်မုန်ရှေင်းမှာ မြင်းခြံမြို့မှ ဦးလေးတော်စပ်သူ နတ်မောက်တောင်သစ်တောဦးစီး၏ နေအိမ်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်သည့်နေ့က ဆိုင်ကယ်ပေါ်မှ အရက်သောက်နေသူ သူငယ်ချင်းတစုအား လှမ်းခေါ်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်အတက်တွင် ဓါးဖြင့်အထိုးခံ ခဲ့ရခြင်းဖြစ်သည်။ 

သေဆုံးသူ နန်မုန်ရှေင်း ဦးလေးတော်စပ်သူနောက်တဦးမှာ ချင်းပြည်နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူးချုပ်ဟုန်ငိုင်းဖြစ်ပြီး ယခုအခါ တရားခံ ၁၀ ဦးအား ဖမ်းဆီး ရမိထားပြီး ဓါးနှင့်ထိုးသတ်သူတရားခံကို ဖမ်းမိခြင်းမရှိသေးကြောင်း မြင်းခြံမြို့ဒေသခံတဦးက ပြောဆိုသည်။   

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com