|
စစ်အစိုးရစွပ်စွဲချက်ကို (KNU) ငြင်းဆို
ရိုးမ ၃။
စက်တင်ဘာ ၁၆၊ ၂၀၀၈
စက်တင်ဘာလ(၁၁) ရက်နေ့တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင်
ဗုံးဖောက်ခွဲခဲ့သူ တရားခံမှာ (KNU) အဖွဲ့မှ ဖြစ်သည်ဆိုသည့်
စွပ်စွဲချက်ကို အဆိုပါအဖွဲ့မှ ငြင်းဆိုလိုက်သည်။
ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ကျောက်ကြီးမြို့ သိန်းတန်ရပ်ကွက်
ဗွီဒီယိရုံအတွင်း ဗုံးဖောက်ခွဲခဲ့သည့် တရားခံအား ဖမ်းဆီးရမိထားကြောင်း
ဖော်ပြထားသည့်အပေါ်(KNU) ယာယီ တွဲဘက်အထွေထွေအတွင်းရေးမှူးက
တုန့်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“ဒါတွေက (KNU)က ဗုံးခွဲတာတို့ အရပ်သားတွေ မတော်တဆ ထိခိုက်တာတို့
မလုပ်ရဘူးဆိုတာ ကျနော်တို့ ပေါ်လစီအရ ချထားတာတွေရှိပါတယ်၊
ဒီအဖြစ်အပျက်တွေဟာ နအဖဘဲ မတရား လုပ်ပြီး ကျနော်တို့ကို စွပ်စွဲတာပါ၊
သူတို့အနေနဲ့က (NLD) အပါအဝင် အားလုံးကို လက်ညှိုးထိုး
နိုင်အောင်လို့လုပ်နေတာ၊ ဖောက်ခွဲတာက နအဖဘဲ ဖောက်ခွဲတာ” ဟု (KNU)
ယာယီတွဲဘက် အထွေထွေအတွင်းရေးမှူး ဒေးဗစ်တာကဘောက ပြောသည်။
စောယာကို(ခ) စောရန်ကုန်သည် (KNU) တပ်ရင်း(၂၀)တွင် လေးနှစ်ခန့်
တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပြီး ၂၀၀၈ ခု သြဂုတ်လအတွင်းက (KNU) တပ်ရင်း(၈)
အတွက် ရိက္ခာတာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု စစ်အစိုးရထုတ်
သတင်းစာက ဖော်ပြထားသည်။
အဆိုပါ ဖော်ပြချက်နှင့်ပတ်သက်၍ ဖဒိုဒေးဗစ်တာကဘောက “အဲလိုလုပ်တာ နအဖက
ဖက်ဆစ် ဆိုတော့ ကလိမ်ဉာဏ်တွေသိပ်များတာ၊ အဲလို ပြည်သူလူထုကြားထဲမှာ
နားလည်မှုအမှားတွေ ဖြစ်အောင်၊ နောက် နိုင်ငံတကာမှာလဲ အမြင်မရှင်းအောင်
အဲလိုတွေလုပ်နေတာပါ” ဟု ပြော သည်။
အခြားကိစ္စများဖြင့် (KNU) အဖွဲ့ဝင်များခရီးသွားစဉ် ဖမ်းမိသူများ၊
ယခင်လက်နက်ချသွားသည့် သူများကို ပြန်လည်ထုတ်ပြပြီး ယခုကဲ့သို့
စွပ်စွဲခြင်းများလည်းရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။
(KNU) ၊ (ABSDF) နှင့် စွမ်းအားမြှင့်ကျောင်းသားစစ်သည်တော်များအဖွဲ့ (VBSW)
အဖွဲ့များ ပူးပေါင်း၍ ပြည်တွင်း ဖောက်ခွဲမှုများပြုလုပ်ရန် ယခုလ(၁၀)
ရက်နေ့တွင် ဖောက်ခွဲရေးသမား(၅) ဦး စေလွှတ်ထားသည်ဟု ယနေ့ထုတ်
မြန်မာ့အလင်းသတင်းစာတွင် ဆက်လက်ဖော်ပြ ထားသည်။ |