|
ဒေါ်အောင်ဆန်းစုကြည်မိသားစုဆရာဝန်နှင့်တွေ့ခွင့်ရ
ဉာဏ်မောင်။
စက်တင်ဘာ ၁၅၊ ၂၀၀၈
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိသားစုဆရာဝန်နှင့်
အချိန်အတော်ကြာ တွေ့ဆုံခွင့် ရရှိခဲ့သည်။
ယမန်နေ့ နေ့လည် (၂) နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့
ဒေါက်တာတင်မျိုးဝင်း သွားရောက်တွေ့ဆုံခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်အနေနဲ့ အခုလောလောဆယ် ဘာမှမပြောနိုင်သေးပါဘူး။
ဒါပေမဲ့မကြာခင်မှာ သူ့ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ့ရှေ့နေက
သတင်းထောက်တွေကို ပြောပါလိမ့်မယ်” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်
ပြောဆိုရန် တို့ကိုလည်း ဒေါက်တာတင်မျိုးဝင်းက ငြင်းဆန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လ (၁၆) ရက်နေ့မှ စတင်ပြီး
ပြင်ပမှပေးပို့ သည့် အစားအသောက်များ လက်ခံယူခြင်းကို ငြင်းပယ်ခဲ့ပြီး
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင်ဂမ်ဘာရီနှင့် စစ်အစိုးရ
ဆက်ဆံရေးအရာရှိ ဦးအောင်ကြည်တို့နှင့် လာရောက် တွေ့ဆုံရန်တို့ကို
ငြင်းဆန်ခဲ့သည်။
စစ်အစိုးရအာဏာပိုင်များဘက်က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်
တားဆီး မိန့် အယူခံဝင်နိုင်ရေးကိစ္စမှလွဲ၍ နေအိမ်အကျယ်ချုပ်ကျနေသူတဦး
ရသင့်သည့် အခွင့်အရေး တောင်းဆိုမှုများကို လိုက်လျောခဲ့ပြီးနောက်ပိုင်း
၎င်း၏ မိသားစုဆရာဝန်နှင့် ယခုကဲ့သို့ တွေ့ဆုံခွင့်ရခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ ယမန်နေ့က
တွေ့ဆုံခဲ့သည်ကို (NLD) ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းက “ဟုတ်တယ်၊ ၂
နာရီကနေ ညနေ ၆ နာရီထိ (၄)နာရီကြာအောင် တွေ့ရတယ်၊ သူ့ကျန်းမာရေးနဲ့
ပတ်သက်လို့ကတော့ ဘာမှမသိရသေးဘူး၊
ဒေါက်တာ တင်မျိုးဝင်းနဲ့လည်း မတွေ့ရသေးဘူး၊
ကျနော်ဆီမှာတော့ဘာသတင်းမှ မရသေးဘူး” ဟု အတည်ပြု ပြောဆိုသွားခဲ့သည်။ |