|
ဘိုကလေးမြို့ပေါ်တွင်
အရောင်းအဝယ်လုပ်ငန်းများကျဆင်း
ဖြိုးကြီး။
စက်တင်ဘာ ၂၂၊ ၂၀၀၈
ဘိုကလေးမြို့ပေါ်တွင် အရောင်းအဝယ်လုပ်ငန်းများ
ရောင်းအားကျဆင်းသွားပြီးနောက် မြို့ပေါ်တွင် အလုပ်အကိုင်များ
ရှားပါးသွားသည်။
နာဂစ်မုန်တိုင်းပြီးစ အချိန်တွင် နိုင်ငံတကာအကူညီပေးရေးအဖွဲ့များနင့်
(NGOs) အဖွဲ့များ ရှိနေစဉ်က အရောင်းအဝယ် အသင့်အတင့်ကောင်းမွန်နေခဲ့ကာ
အလုပ်အကိုင်များ အဆင်ပြေခဲ့ သော်လည်း ယခုအခါ အဆိုပါအဖွဲ့များ
မရှိတော့သည့်နောက်ပိုင်း စားသောက်ဆိုင်များနှင့် အထည်အလိပ်ဆိုင်များမှာ
ဝယ်ယူသူ မရှိသလောက်ဖြစ်နေပြီး အလုပ်အကိုင်များလည်း မရှိတော့ကြောင်း
မြို့ခံများက ပြောသည်။
“ကုလသမဂ္ဂနဲ့ပတ်သက်တဲ့အလုပ် တော်တော်များများက ရွာဘက်တွေမှာ
သွားလုပ်တာများ တော့ မြို့ပေါ်မှာအလုပ်ကိုင် အခက်အခဲတွေဖြစ်တယ်၊
ဘာအလုပ်မှကိုမရှိဖြစ်နေတာ၊ စားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေဆို
ဝယ်သူမရှိသလောက်ကိုဖြစ်တာ ” ဟု ဘိုကလေး မြို့ပေါ်ရှိ
လ္ဘက်ရည်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
ဘိုကလေးမြို့ပေါ်တွင် လ္ဘက်ရည်ဆိုင်ပေါင်း (၈၀)ခန့်ရှိပြီး အရောင်းအဝယ်
မကောင်းတော့ သည့်အပြင် ညပိုင်း (၈)နာရီ လောက်အထိသာ
သွားလာမှုများရှိတော့သည်။
“တချို့က ရွာဘက်တွေမှာ ပြန်ပြီးစိုက်ပျိုးရေးတွေကို
ဦးစားပေးလုပ်ကိုင်တာ မဖြစ်ကြဘူး၊ မဖြစ်တဲ့အပေါ်မှာဘဲ
ထပ်ပြီးကြိုးစားကြည့်နေရတာဘဲ၊ ပြန်လည်တည်ဆောက်ရေးလုပ်နေ ရတော့
တခြားလ္ဘက်ရည်ဆိုင်တို့ စားသောက်ဆိုင်တို့ကို
ရောက်လာတာမရှိတော့ဘူး၊အားလုံးကို ခြိုးခြံချွေတာနေကြတာ” ဟု ၎င်းက
ဆက်ပြောသည်။
ထို့အပြင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီများ
ဈေးတက်သွားခြင်းမရှိသော်လည်း ရေစိုဆန်များကို ပြန်ကြိတ်ရောင်းနေပြီး
ဆီဈေးများလည်း ငြိမ်နေသည်ဟု မြို့ခံတဦးက ပြောသည်။
မြို့ခံလူထုအချို့မှာ စားဝတ်နေရေးအတွက် ကျေးရွာများသို့ ပြန်ကာ
စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင် နေကြရပြီး အခြားအပိုအလျှံ
သုံးရန်ဝင်ငွေမရှိတော့သည့် အခြေအနေသို့ ရောက်ရှိ နေကြောင်း ၎င်းက
ဆက်ပြောသည်။
ကျေးရွာများသို့ ပြန်ကာ စိုက်ပျိုးရေးလုပ်နေသူများမှာလည်း
နောက်ထပ်လေတိုက်လာမည်ကို စိုးရိမ်နေရပြီးလက်ရှိ စိုက်ပျိုးထားသည့်
စပါးများမှာ ထင်သလောက် ဖြစ်ထွန်းခြင်းမရှိကြောင်း မြို့ခံက ပြောသည်။
“စိုးရိမ်နေတာက မုန်တိုင်းမတိုက်ရင်တောင်မှ လေနည်းနည်းပြင်းလာရင်
စိုက်ထားတဲ့ စပါးတွေ လဲသွားပြီး နွံ့ကပ်သွားမှာ၊ အဲလိုဆိုရင်
အကုန်ပျက်မှာ၊ဘိုကလေးအထက်ဘက်မှာကတော့ ဆားငန်ရေမဝင်တော့
နည်းနည်းသက်သာတယ်၊ ကျနော်တို့ဘက်ကတော့ စိုးရိမ်ရတယ်” ဟု အဆိုပါမြို့ခံက
ဆက်လက်ပြောဆိုသည်။ |