|
ဒေါ်အောင်ဆန်းစုကြည်က
ဆက်ဆံရေးဝန်ကြီးနှင့် မတွေ့ဆုံလိုသေးကြောင်း စစ်အစိုးရပြောဆို
ရိုးမ ၃။
စက်တင်ဘာ ၃၊ ၂၀၀၈

ရှေ့နေဦးကြည်ဝင်းနှင့် တွေ့ဆုံပြီးနောက်
ဆက်ဆံရေးဝန်ကြီးဦးအောင်ကြည်နှင့် ယမန်နေ့ နေ့လည်က တွေ့ဆုံရန်
စစ်အစိုးရဘက်မှ စီစဉ်ထားခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်
ခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစားအသောက်များလက်မခံတော့သည့်အတွက်
စိုးရိမ်ပူပန် မှုများရှိနေစဉ် သူမ၏ရှေ့နေဦးကြည်ဝင်းနှင့် ယခုလ (၁)
ရက်နေ့က တွေ့ဆုံခွင့်ရရှိခဲ့ပြီးနောက် စစ်အစိုးရ၏သတင်းစာတွင်
ယခုဖော်ပြချက်ပါရှိလာခြင်းဖြစ်သည်။
စက်တင်ဘာလ
(၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အဖော်
နှစ်ဦး ကျန်းမာရေးအတွက် ဒေါက်တာတင်မျိုးဝင်းမှ
လာရောက်တွေ့မည်ဖြစ်ကြောင်းနှင့် ယမန်နေ့ နေ့လည် (၁) နာရီတွင်
ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့်တွေ့ဆုံရန် စစ်အစိုးရ ဘက်မှ
စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာ၍ စီစဉ်ထားခြင်းကို ရှေ့နေဦးကြည်ဝင်းနှင့်
မှာကြားခဲ့သည် ဟု ယနေ့ထုတ်သတင်းစာတွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ၏
အထူးကိုယ်စားလှယ် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ (၆) ရက်ကြာ ခရီးစဉ်
လာရောက်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်
တောင်းဆိုမှုကိုလည်း သူမက ငြင်းပယ်ခဲ့သဖြင့်
ကုလမှမြန်မာ့အရေးကြားဝင်ဆောင်ရွက်ချက်များကို နိုင်ငံတကာမှဝေဖန်မှုများ
ပေါ်ထွက်လာခဲ့သည်။
ထိုနောက်
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် အစားအသောက် ဆက်လက် လက်ခံ
ခြင်းမပြုခဲ့ရာ ယမန်နေ့က ရှေ့နေဦးကြည်ဝင်းနှင့် တွေ့ဆုံခဲ့ပြီးနောက်
ဒေါ်အောင်ဆန်းစုကြည် မှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်သော်လည်း
ကိုယ်အလေးချိန် အနည်းငယ်လျှော့ကျ သွားခဲ့သည်ဟု (NLD)ပါတီ ပြောခွင့်ရ
ဦးဉာဏ်ဝင်းက သတင်းဌာနများသို့ ထုတ်ဖော်ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်အယူခံဝင်ခွင့်၊ ရှေ့နေ၊
ဆရာဝန်များနှင့် တွေ့ဆုံခွင့်၊ အတူနေသူနှစ်ဦးအား
လွတ်လပ်စွာသွားလာခွင့်နှင့် ဥပဒေနှင့်မသက်ဆိုင်သည့် တားမြစ်ချက်များ
ရရှိခွင့်တို့အတွက် စစ်အစိုးရထံ တောင်းဆိုနေခြင်းဖြစ်သည်။ |