|
ကုလသမဂ္ဂ၏ ကြားဝင်ဖြေရှင်းမှုကို
ပြန်စဉ်းစားရန်လိုအပ်သည်ဟုပြော
ရိုးမ ၃။
စက်တင်ဘာ ၂၊ ၂၀၀၈
ကုလသမဂ္ဂမှ
မြန်မာ့အရေးကြားဝင်ဖြေရှင်းမှုကို နိုင်ငံသားများအနေဖြင့်
ပြန်လည်စဉ်းစားရမည့် အခြေအနေ ရောက်ရှိနေသည်ဟု
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင့်ရေးအသင်း (မြန်မာနိုင်ငံ)
AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က ယနေ့ပြောဆိုလိုက်သည်။
စစ်အစိုးရမှ
ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူများကို သြဂုတ်လအတွင်း
ဖမ်းဆီးထောင်ချခဲ့သည့် စာရင်းကို ယနေ့ထုတ်ပြန်ပြီး ယခုကဲ့သို့
ပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်
ပထမနှစ်ဝက်အတွင်း ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေး
အထူးကိုယ်စားလှယ်တို့ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး
တိုးတက်အောင် ကြိုးပမ်းခဲ့ ကြသော်လည်း နိုင်ငံသားများအနေဖြင့်
ဒီမိုကရေစီဖြစ်ထွန်းတိုးတက်လာခြင်းမရှိဘဲ ဖမ်းဆီးမှု၊
ထောင်ဒဏ်ချမှတ်မှုများသာ တိုးပွားလာခဲ့သည်ဟု AAPP ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
စစ်အစိုးရက သြဂုတ်လတလအတွင်း ဒီမိုကရေစီရေးနှင့်
လူ့အခွင့်အရေးလှုပ်ရှားသူ အနည်းဆုံး (၃၉) ဦးကို ဖမ်းဆီးခဲ့ပြီး (၂၁)
ဦးကို ထောင်ဒဏ်များချမှတ်ခဲ့ကြောင်း နောက်ဆက်တွဲ စာရင်းများဖြင့် ယနေ့
AAPP က ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူအများစုမှာ အင်န်အယ်ဒီပါတီဝင်များ၊
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ ကွန်ယက်(HRDP)၊ ၈၈
မျိုးဆက်ကျောင်းသားများနှင့် ကျောင်သားလူငယ်များဖြစ်ပြီး အချို့မှာ
နောက်ကြောင်းပြန်ဥပဒေဖြင့် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။
ယင်းသို့ဖမ်းဆီးမှုများနှင့်ပတ်သက်၍ AAPP အတွင်းရေးမှူး
ကိုတိတ်နိုင်က “ကုလသမဂ္ဂရဲ့ ထိပ်တန်းအရာရှိတွေ လာရောက်ပြီး
ဖြေရှင်းနေပါလျှက်နဲ့ အခုလို လူအခွင့်အရေးနဲ့ ဒီမိုကရေစီ ရေး
လှုပ်ရှားနေသူတွေကို ဥပဒေမဲ့ ဖမ်းဆီး၊ ထောင်ချတာတွေ
ဆက်တိုက်ပြုလုပ်နေတာဟာ ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်နေတဲ့
ကမ္ဘာ့နိုင်ငံတွေကို မထီမဲ့မြင်ပြုရာရောက်ပါတယ်” ဟု ပြောသည်။
၂၀၀၈
ခုနှစ်အတွင်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ အနည်းဆုံး
၂၈၆ ဦး ဖမ်းဆီး ခံခဲ့ရပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်မှ အစားအသောက်များ လက် မခံတော့သည့်သတင်းကြောင့် သူမ၏
ကျန်းမာရေးအခြေအနေသတင်းများနှင့်ပတ်သက်၍ AAPP မှ
အလွန်စိုးရိမ်မကင်းဖြစ်မိသည်ဟု သူက ဆက်လက်ပြောဆိုသွားသည်။
|