|
နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှဉ်းးပန်းမှုများပြုလုပ်၍
အကြမ်းဖက်သမားအဖြစ် ထွက်ဆိုခိုင်းနေ
ဖြိုးကြီး။
အောက်တိုဘာ ၃၁၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို
ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး အကြမ်းဖက်သမားအဖြစ်
ထွက်ဆိုခိုင်းမှုများ ပြုလုပ်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာဂစ်မုန်တိုင်းကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ
ဦးအုန်းကြိုင်အား ညှဉ်းပန်းနှိပ်စက်မှုများပြုနေကြောင်း
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး
ဦးတိတ်နိုင်က ယနေ့ပြောဆိုသည်။
“ဦးအုန်းကြိုင်ကို နိုင်ငံခြားကနေ အကြမ်းဖက်မှုတွေလုပ်ဖို့အတွက်
ငွေတွေလက်ခံထားတယ် ဆိုပြီး ရိုက်တာပုတ်တာတွေ လုပ်တယ်၊
အဲလိုစစ်ကြောရေးတွေလုပ်ပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ပါတယ်ဆိုတာ
အဖြေထွက်ဖို့လုပ်နေတယ်”ဟု ၎င်းက ပြောသည်။
စစ်အစိုးရနေဖြင့် ယခင်က ဗုံးကွဲအကြမ်းဖက်မှုများဖြစ်ပေါ်လာပါက (ABSDF)၊ (KNU)
အဖွဲ့ များနှင့် အခြားဒီမိုကရေစီအင်အားစု
အဖွဲ့အစည်းများကို
စွပ်စွဲမှုများပြုလုပ်ပြီး ယခုနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများကိုပါ
ဆက်လက်လုပ်ဆောင်လာနေခြင်းဖြစ်ကြောင်း ဦးတိတ်နိုင်က ဆက်ပြောသည်။
ယခုကဲ့သို့ စစ်အစိုးရလုပ်ဆောင်မှုများနှင့်ပတ်သက်၍
“ဒါမျိုးတွေလုပ်တယ်ဆိုတာက နိုင်ငံ တကာကလည်း အကြမ်းဖက်မှုနဲ့ပတ်သက်လာရင်
မတို့ရဲ မထိရဲဆိုတဲ့ အခြေအနေမျိုးပေါ်မှာ အခွင့်အရေးယူပြီးတော့
ဒီကိစ္စတွေကို အသုံးချနေတာလို့ ကျနော်တို့မြင်ပါတယ်”ဟု ပြောသည်။
ထို့အပြင် အရှင်ဂမ္ဘီရ၏
ညီအကိုတော်များ၊လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက်မှ
ဦးမြင့်အေးနှင့် အခြား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို
ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး အကြမ်းဖက်သမားများအဖြစ် ထွက်ဆိုရန်
လုပ်ဆောင်နေလျှက်ရှိသည်။ |