|
(၁၄) ကြိမ်မြောက် (KNU) ကွန်ဂရက်ကျင်းပပြီး အလုပ်အမှုဆောင်များရွေးချယ်
ဖြိုးကြီး။
အောက်တိုဘာ ၁၉၊ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး(KNU) (၁၄)ကြိမ်မြောက်ကွန်ဂရက်ကို
ကျင်းပပြုလုပ်ခဲ့ပြီး အလုပ်အမှုဆောင်သစ်များ
ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
ယခုလ (၆) ရက်နေ့မှ (၁၈) ရက်နေ့ထိ (KNU) လက်အောက်ခံခရိုင်တခုတွင်
ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အလုပ် အမှုဆောင် (၁၁) ဦးကို
ဒီမိုကရေစီနည်းအရ မဲစနစ်ဖြင့် ရွေးချယ်တင် မြှောက်ခဲ့ခြင်းဖြစ်သည်။
ရွေးချယ်တင်မြှောက်ခံရသူများမှာ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌအဖြစ်
ဗိုလ်ချုပ် စောတာမလာဘော၊ ဒုဥက္ကဋ္ဌအဖြစ် ပဒိုဒေးဗစ်သာကပေါ၊
အထွေထွေအတွင်းရေးမှူးအဖြစ် ဆရာမ နော်စီဖိုးရာစိန်၊
တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေ၊ တွဲဘက်အတွင်းရေးမှူး(၂)
စောဒေါလေမူး တို့ဖြစ်ပြီး အလုပ်အမှုဆောင် ကော်မတီအဖွဲ့တွင်
ဗိုလ်ချုပ်ကြီး စောမူတူး ဆေးဖိုး၊ ပဒိုဒေးဗစ်ထော၊ ပဒိုရောဂျယ်၊
ပဒိုအားတိုး၊ ပဒိုဖိုးခေး၊ ပဒိုလားဆေး တို့ဖြစ်သည်။
(KNU)အဖွဲ့၏ စစ်ရေးနိုင်ငံရေးလမ်းစဉ်များနှင့် ပတ်သက်၍ တစုံတရာ
အပြောင်းအလဲမရှိ ကြောင်းကို (KNU) စစ်ရုံးချုပ်အရာရှိတဦးက
အတည်ပြုပြောဆိုသည်။
“စစ်ရေးနဲ့ နိုင်ငံရေးလမ်းစဉ်ကတော့ ဘာမှအပြောင်းအလဲမရှိဘူး။ ဥက္ကဋ္ဌကြီး
စောဘဦးကြီး ချမှတ်သွားတဲ့ မူ (၄) ချက်ပေါ်မှာဘဲ ဆက်ပြီးသွားမယ်၊ ဘာမှ
ပြောင်းလဲတာမရှိဘူး၊ မဟာမိတ်အဖွဲ့တွေနဲ့ ဆက်လက်
လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဆုံးခမ်းတိုင်းထိ ကျနော်တို့
တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။
(KNU)ကရင်အမျိုးသားအစည်းအရုံး
စတင်တည်ထောင်ချိန်မှစ၍ ယနေ့အချိန်ထိ ဥက္ကဋ္ဌ (၇) ဦး ရှိခဲ့ပြီး ၎င်းတို့မှာ
စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာတာမွေး၊ မန်းဘဇံ၊ စောဘိုမြ၊
ပဒိုစောဘသင်စိန်နှင့် ဗိုလ်ချုပ် စောတာလာဘော တို့ဖြစ်သည်။
(KNU) အထွေထွေညီလာခံကို (၄) နှစ်တကြိမ် ကျင်းပခြင်းဖြစ်ပြီး
စစ်ရေးနိုင်ငံရေးပေါ်မူတည်၍ ပြောင်းလဲ ပြုလုပ်ခြင်းများလည်းရှိသည်။ |