|
ဒေသခံရွာသားများအား စစ်တပ်က ငွေကြေးတောင်းခိုင်းစေခြင်းများ ပြုလုပ်နေ
ဖြိုးကြီး။
အောက်တိုဘာ ၆၊ ၂၀၀၈
ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုအတွင်း ကျေးရွာများမှ
ဒေသခံပြည်သူများအား စစ်တပ်အာဏာပိုင်များက ငွေကြေးကောက်ခံခြင်းနှင့်
လုပ်အားပေးခိုင်းစေခြင်းများ ပြုလုပ်နေ လျှက်ရှိသည်။
စက်ဆန်းကျေးရွာအုပ်စု၊ ရွှေပြည်အေးကျေးရွာတွင် တပ်မ (၆၆) မှ
အာဏာပိုင်များက ရွာသား များအား လုပ်အားပေးခိုင်းစေလျှက်ရှိပြီး
မလုပ်နိုင်ပါက ငွေ ၂,၅၀၀ ကျပ် ပေးဆောင်နေရ ကြောင်း ရွာသားတဦးက
ပြောသည်။
“စစ်တပ်က ရွာသားတွေကိုခေါ်ပြီး စာပို့၊ ဟိုခိုင်းဒီခိုင်း
သူတို့ခိုင်းတာ လုပ်ပေးရတယ်၊ နောက်နေ့ လုပ်အားပေး၊
နောက်နေ့ဆိုကင်းစောင့် အဲလိုတွေခိုင်းတယ်၊ နားရက်မရှိ လုပ်ပေးနေရတာ၊
လုပ်အားပေးမလိုက်ရင် ၂,၅၀၀ ပေးရတယ်၊ ရွာထဲမှာလဲ ဟင်းစားတွေ ဘာတွေ
ပို့ပေးနေရ တယ်”ဟု အဆိုပါရွာသားက ပြောသည်။
ထိုကဲ့သို့ တပ်မ (၆၆) က ရွာသားများကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက
ခိုင်းစေနေခြင်းဖြစ်ပြီး ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့(WFP)မှ
ရိက္ခာများကိုလည်း အခမဲ့ သယ်ယူပေးနေရကြောင်း ၎င်းက ဆက်လက်ပြောသည်။
“WFP ရိက္ခာတွေကိုလည်း ထမ်းတင်ထမ်းချလုပ်ပေးရတယ်၊ လုပ်အားခလဲမရဘူး၊
ရိက္ခာလာ လှူတယ်ဆိုရင် (ရယက)တွေက ငွေ ၅၀၀ ကောက်တယ်၊
အဲလိုတွေလုပ်နေကြတာ”ဟု ရွာသားက ဆက်ပြောသည်။
ထို့အပြင် စက်ဆန်းအုပ်စုအပိုင် ဆားချောင်းရိုးကျေးရွာတွင်
အာဏာပိုင်များက ရိက္ခာပေးဝေရန် တအိမ်ထောင်လျှင် ငွေ ၅,၀၀၀ ကျပ်
ကောက်ခံထားကြောင်း အဆိုပါရွာသားက ဆက်ပြော သည်။
စက်ဆန်းကျေးရွာအုပ်စုတွင် ရွာပေါင်း ၂၇ ရွာရှိပြီး
လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများ ကိုသာ အဓိကထား
လုပ်ကိုင်ကြသည်အတွက် ယခုကဲ့သို့ လုပ်အားပေးများ လုပ်ပေးနေရသည့် အတွက်
စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။ |