|
မိထ္ထီလာတွင် မီတာများစစ်ဆေးပြီး အဆမတန် ဒဏ်ရိုက်ခြင်းများပြုလုပ်
ဗထူး။
အောက်တိုဘာ ၁၀၊ ၂၀၀၈
မိထ္ထီလာမြို့တွင် နေပြည်တော်အထူးအဖွဲ့မှ ဝင်ရောက်၍ မီတာများ
လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ပြီး အဆမတန်
ဒဏ်ငွေရိုက်ခြင်းများပြုလုပ်နေသည့်အတွက် လုပ်ငန်းရှင်များမှာ
မကျေမနပ်ဖြစ်နေကြသည်။
ယခုလဆန်းပိုင်းအတွင်း နေပြည်တော်အထူးအဖွဲ့ခေါင်းဆောင်
ဗိုလ်မှူးမင်းခိုင် (၁/၃) ဦးဆောင် သည့်အဖွဲ့က မိတ္ထီလာစက်မှုဇုံအတွင်း
ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကာ သက်မှတ်ထားသည့် ယူနစ်အထိ
အသုံးပြုခြင်းမရှိသူများ၊ ပိုမိုသုံးစွဲသူများ၊ ခိုးယူသုံးစွဲသူများကို
အကြောင်းအမျိုးမျိုး ပြ၍ တနေ့တည်းဖြင့် ဒဏ်ငွေသိန်းလေးရာကျော်
ကောက်ခံသွားခြင်းဖြစ်သည်။
“တအိမ်ကို ၂ သိန်း ၃ သိန်း၊ ၆ သိန်း၊ သိန်း ၆၀၊ အဲလိုတွေအထိ လုပ်တယ်၊
စက်မှုဇုံထဲမှာက မီးမမှန်တော့ စစ်တပ်တွေထဲမှာ တချို့က
စက်ရုံတွေသွားဖွင့်ထားတာ၊ အဲလိုရွှေ့သွားတဲ့အချိန် မှာ
စက်မှုဇုံထဲမှာရှိတဲ့ စက်ရုံတွေကို ဓါတ်အားဝင်စစ်တဲ့အခါကျတော့
သုံးစွဲထားတာ မရှိဘူး၊ အဲမှာ သူတို့က တလသုံးစွဲရမဲ့ပမာဏကို
ပြည့်မှီအောင် ဘာကြောင့်မသုံးစွဲတာလဲ၊ အဲဒါ နိုင်ငံတော်အတွက်
နစ်နာတယ်ဆိုပြီး ဒဏ်ရိုက်တာ”ဟု လုပ်ငန်းရှင်တဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ရီလအတွင်းကတည်းက အမှတ် (၂)
လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အမိန့် အမှတ် (၄၇/၂၀၀၈) ဖြင့်
ထုန်ပြန်ထားသည့် ရုံးမိန့်အား ပြည်သူများကို တစုံတရာ ထုတ်ပြန်
ပြောဆိုခြင်းမရှိဘဲ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက
ဆက်ပြောသည်။
“လျှပ်စစ်ဓါတ်အားကို တရားမဝင်သုံးစွဲတာကို အရေးယူရမယ်၊ လျှော်ကြေးပေး
ဒဏ်တပ်မယ်၊ သူတို့ပြုလုပ်တဲ့ (၆/၂၀၀၈) အစည်းဝေးဆုံးဖြတ်ချက်အရ
(၂၀.၂.၂၀၀၈) ရက်နေ့က စတင် ပြင်ဆင်သတ်မှတ်လိုက်တယ်ဆိုပြီး ပြောတယ်၊ အဲဒါ
ပြည်သူတွေသိအောင် ချပြတာလဲမရှိဘူး၊ အခု (၁၀)လပိုင်းကျတော့မှ
ဒီလိုလုပ်တာ”ဟု စက်မှုဇုံအတွင်းမှ လုပ်ငန်းရှင်တဦးက ပြောသည်။
ထိုကဲ့သို့ ဒဏ်ငွေများကောက်ခံပြီးနောက် အာဏာပိုင်များဘက်မှ
ခံဝန်လက်မှတ်များထိုးခိုင်းပြီး အဆိုပါစက်ရုံများအား စစ်တပ်အတွင်း
လက်ခံထားသည့် စစ်တပ်အာဏာပိုင်များကိုမူ တစုံတရာ အရေးယူခြင်းမရှိကြောင်း
၎င်းက ပြောသည်။
“စက်မှုဇုံက (၉၇) ခုနှစ်က ပေါ်လာတာ၊ နိုင်ငံတော်စီမံချက်အရ
လျှပ်စစ်ဓါတ်အား (၂၄) နာရီ ပေးမယ် ဘာညာနဲ့ (၁) လလောက်တော့ ဟုတ်တယ်၊
နောက်တော့မလာတော့ဘူး၊ လုပ်ငန်းရှင် တွေက အရင်းအနှီးမြောက်များစွာနဲ့
တည်ထောင်ထားတာ၊ အဲလို မီးမရတော့ မိထ္ထီလာမြို့မှာရှိ တဲ့ စစ်တပ်ပေါင်း
၃၀ ကျော်ထဲကို စက်ရုံတွေက ရွှေ့သွားတာ၊ အဲလိုလက်ခံထားတာတွေကို တော့
အရေးမယူဘူး၊ နောက်ပြီးလျှပ်စစ်ဓါတ်အားကို ကျနော်ကျမတို့က
ခိုးယူသုံးစွဲမိပါတယ် ဆိုတာကို သက်သေနှစ်ယောက်နဲ့
ဝန်ခံကတိလက်မှတ်ထိုးပေးရတယ်”ဟု အဆိုပါလုပ်ငန်းရှင် က
ဆက်လက်ပြောဆိုခဲ့သည်။ |