|
မြေငလျင်လှုပ်မှုများ ဆက်တိုက်ဖြစ်နေသဖြင့် ဒေသခံများစိုးရိမ်နေ
ဗထူး။
အောက်တိုဘာ ၁၃၊ ၂၀၀၈
မြေငလျင်များ နှစ်ရက်ဆက်တိုက်လှုပ်နေသည့်အပြင် မိုးသက်လေပြင်းများ
ကျရောက်နေသည့် အတွက် ဒေသခံရွာသားများမှာ စိုးရိမ်ကြောက်ရွံ့နေကြသည်။
ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအနီးတဝိုက်တွင် ယခုလ (၁၁)
ရက်နေ့နှင့် (၁၂) ရက် နေ့များ၌ နှစ်ရက်ဆက်တိုက် သုံးကြိမ်ခန့် မြေငလျင်
ပြင်းထန်စွာလှုပ်သွားပြီးနောက် မိုးသက် လေပြင်းများ ကျရောက်သဖြင့်
ရွာသားများ အထိတ်တလန့်ဖြစ်နေရကြောင်း ဒေသခံရွာသား တဦးက ပြောသည်။
“ကျနော်တို့ မြင်းကကုန်းဘက်မှာ ဆက်တိုက်လှုပ်တာ၊ တော်တော်လဲပြင်းတော့
လူတွေအားလုံး အထိတ်တလန့်ဖြစ်နေတာ၊ (၁၁) ရက်နေ့ညဘက် (၁၀) နာရီနဲ့ ၂၁
မိနစ်မှာ လှုပ်တယ်၊ မနက် (၃) နာရီလောက်မှာ တကြိမ်လှုပ်တယ်၊ (၁၂)
ရက်နေ့ကျတော့ (၂) နာရီနဲ့ (၃၅) မိနစ်မှာ လှုပ် တယ်၊ အဲဒီနေ့ကတော့
ငလျင်လှုပ်ပြီး (၁၅) မိနစ်လောက်ကြာတော့ လေတွေမိုးတွေ ကျလာ တယ်၊
တရွာလုံး ဘယ်သူမှမအိပ်ရဲဘူး”ဟု ဒေသခံရွာသားက ပြောသည်။
ယခုရက်ပိုင်းအတွင်း မုန်တိုင်းကောလဟာလသတင်းများကြောင့်
ဘိုကလေးမြို့နယ်အတွင်းမှ ပြည်သူများမှာ ကြောက်ရွံ့ နေကြသည့်အပြင်
ယခုကဲ့သို့ မြေငလျင်လှုပ်ပြီး မိုးသက်လေးပြင်းများ ကျရောက်နေသည့်အတွက်
အချို့ရွာသားမျာမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ၎င်းက
ဆက်ပြောသည်။
“အဲလိုတွေဖြစ်နေတော့ တချို့က အထုပ်အပိုးတွေပြင်ဆင်ပြီး
ဘုန်းကြီးကျောင်းဘက်တွေကို သွားဖို့ လုပ်နေကြတာ၊ မီးကလဲမရှိတော့
တရွာလုံး ဘယ်သူမှမအိပ်ကြဘူး၊ ဓါတ်မီးတွေ တဝင်းဝင်းနဲ့
တညလုံးသွားလာနေကြတာ၊ အားလုံးကလဲ ကြောက်နေကြတာပေါ့၊ ကျနော်တို့ ဘက်မှာက
ငလျင်က တနှစ်နေလို့ တခါတောင်လှုပ်တာမဟုတ်ဘူး၊ အခုလို နေ့စဉ်ဆက်တိုက်
လှုပ်နေပြီး လေလဲတိုက်လာတော့ အားလုံက ဆောက်တည်ရာမရဖြစ်ကုန်တယ်”ဟု အဆိုပါ
ရွာသားက ပြောသည်။
ငလျင်လှုပ်ခြင်းကြောင့် ပျက်စီး ထိခိုက်မှုမရှိသော်လည်း နာဂစ်မုန်တိုင်း
တိုက်ခိုက်ပြီးအချိန်မှစ၍ ဒေသခံပြည်သူများမှာ
သဘာဝဘေးအန္တရာယ်ကျရောက်မည်ကို အလွန်အမင်း စိုးရိမ်နေကြပြီး
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။ |