|
အရှင်ဂမ္ဘီရ၏ညီအစ်ကိုတော်များ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန်
နှိပ်စက်ခံနေရ
ဖြိုးကြီး။
အောက်တိုဘာ ၄၊ ၂၀၀၈
စစ်အစိုးရအာဏာပိုင်များက အရှင်ဂမ္ဘီရ၏ ညီဖြစ်သူနှင့်
ယောက်ဖတို့နှစ်ဦးအား စစ်ကြောရေး စခန်းတွင် ပြင်းပြင်းထန်ထန်
ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ဖောက်ခွဲ (၃) နှင့် ရုံးတင်ရန်
လုပ်ဆောင်နေသည်။
ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့နှစ်ဦးအား
ဘားလမ်းအချုပ်တွင် အာဏာပိုင်များက ရိုင်းစိုင်းစွာ
ပြောဆိုရိုက်နှက်ခဲ့ကြပြီး ပြီးခဲ့သည့်လ (၂၉) ရက်နေ့က
မြောက်ဒဂုံတရားရုံးတွင် ပထမဆုံး ရုံးထုတ်ခဲ့သည်။
“ထောက်လှမ်းရေးနဲ့ SB အယောက်နှစ်ဆယ်က ကိုမိုးထက်လျှမ်းကို ခုနှစ်ရက်၊
ခုနှစ်ညလုံးလုံး ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်တယ်၊ အလှည့်ကျ
တယောက်ပြီးတယောက် စစ်နေတာ၊ နံပါတ် တုတ်နဲ့လည်း ရိုက်တယ်၊
ခြေသလုံးပေါ်ကို မျဉ်းလုံးတင်ပြီး အပေါ်ကတက်လှိမ့်တာ အဲလိုတွေ ကို
လုပ်တာ”ဟု မိသားစုဝင်တဦးက ပြောသည်။
အာဏာပိုင်များက ကိုမိုးထက်လျှမ်းအား ရွှေဝါရောင်တော်လှန်ရေးကို
ဦးဆောင်ခဲ့သည့် အရှင် ဂမ္ဘီရ၏ ယောက်ဖတော်စပ်သည့်အတွက်
အငြိုးအတေးများဖြင့် ပြောဆိုပြမှုဆက်ဆံခြင်းဖြစ် ကြောင်း ၎င်းက
ဆက်လက်ပြောသည်။
“အောင်ကိုကိုလွင်ကိုတော့ အာဏာပိုင်တွေက အခုပြန်စည်းရုံးနေတယ်၊
သတင်းစာရှင်းလင်းပွဲ လုပ်မှာ၊ အဲဒါ မင်းက အစိုးရသက်သေလုပ်ရင်
လွှတ်ပေးမယ်ဆိုပြီး အတင်းဖြောင့်ချက်ပေးခိုင်း နေတာ”ဟု မိသားစုဝင်က
ပြောသည်။
အာဏာပိုင်များက ကိုအောင်ကိုကိုလွင်အား တရားသူကြီးရှေ့တွင် ကြိုတင်
အစစ်ဆေးခံချက် ဆိုပြီး အရင်ထွက်ချက်တွေကို ပေးခိုင်းကာ
စည်းရုံးမှုများပြန်လုပ်နေတယ်ဟု ဆက်ပြောသည်။
“အောင်ကိုကိုလွင်ကို (၁၁) ရက်နေ့က မိတ္ထိလာကနေဖမ်းတာ၊ စိုးလွင်နဲ့
ရဲညွန့်တို့လည်း ပါတယ်၊ (၁၂) ရက်နေ့မှာ ညောင်ဦးလေဆိပ်ကနေ
လေယဉ်နဲ့ခေါ်လာတာ၊ မိုးထက်လျှမ်းကို (၇) ရက်နေ့ကနေ(၂၆)ရက်နေ့ထိ စစ်တယ်၊
အောင်ကိုကိုလွင်ကို (၁၂) ရက်နေ့ကနေ (၂၆)နေ့ထိ စစ်တာ”ဟု မိသားစုဝင်က
ဆက်ပြောသည်။
လှိုင်မျိုး၊ ကျော်မျိုးထက်၊ စိုးလွင်နှင့် ရဲညွန့်တို့ လေးဦးအား (၁၂)
ရက်နေ့တွင် မြောက်ဒဂုံရဲစခန်း သို့ ပြောင်းရွှေ့ချုပ်နှောင်ထားပြီး (၂၆)
ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ကာ (၃၀) ရက်နေ့မှ စတင်၍
စစ်ဆေးမှုများပြုလုပ်နေလျှက်ရှိသည်။
ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့အား မြောက်ဒဂုံတရားရုံးမှ
လာမည့် (၁၀) ရက်နေ့ တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်း ချိန်းဆိုလိုက်သည်။ |