|
ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များအား ထောင်ဒဏ်ချမှတ်
ဖြိုးကြီး။ အောက်တိုဘာ ၃၀၊ ၂၀၀၈
ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင် (၉) ဦးကို
စစ်အစိုးရအာဏာပိုင်များက ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်း၊ အင်းစိန်အထူးတရားရုံးမှ ၎င်းတို့ကို
တရားရုံးအား မထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင်ဒဏ် ၆ လစီ
ချမှတ်လိုက်ခြင်းဖြစ်သည်။
ယင်းကဲ့ကို ထောင်ဒဏ်များချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍
နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
(AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်က အာဏာပိုင်များ အနေဖြင့် ဥပဒေကို
ချိုးဖောက်ခြင်းသာဖြစ်သည်ဟု ပြောသည်။
“ကိုမင်းကိုနိုင်တို့ အဓိကတောင်းဆိုတာက လွတ်လပ်တဲ့
တရားစီရင်ရေးရရှိဖို့အတွက် တောင်း ဆိုတာဖြစ်တယ်၊ ဒါဟာ ဘယ်သူမဆို
တောင်းပိုင်ခွင့်ရှိတယ်၊ အဲဒါက လွတ်လပ်စွာ တရားစီရင် ခွင့်ရရေးဆိုတဲ့
တောင်းဆိုချက်ဟာ ကိုမင်းကိုနိုင်တို့မှ မဟုတ်ပါဘူး ဒါဟာ
နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တဲ့ တာဝန်ဖြစ်ပါတယ်၊ တရားရုံးက အခုလို
လုပ်လိုက်တာဟာ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိစေရဆိုတဲ့ကိစ္စကို
ကျော်လွန်တဲ့ကိစ္စဖြစ်တယ်”ဟု ပြောသည်
ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များက ၎င်းတို့အား
ရုံးထုတ်စစ်ဆေးစဉ် ရသင့်ရထိုက်သည့် အခွင့်ရေးများကို တရားသူကြီးအား
တင်ပြလျှောက်ထားသည့်ကိစ္စအပေါ် တရားရုံးဆွဲချများ၊ အစိုးရရှေ့နေများက
ရုံးတော်ကို မထီမဲ့မြင်ပြုရာရောက်သည့်ဟုဆိုကာ
အရေးယူရန်တင်ပြခဲ့သည့်အတွက် တရားသူကြီးက ယခုကဲ့သို့
အရေးယူခဲ့ခြင်းဖြစ်သည်။
“ဘယ်နိုင်ငံမှာမဆို လွတ်လပ်စွာတရားစီရင်ခွင့်ရရေးဆိုတာ အခြေခံဥပဒေမှာ
တရားဝင်ပြဌာန်း ထားပါတယ်၊ တကယ်လို့ အဲဒါနဲ့မညီဘဲ
တရားစီရင်မှုပြုမူတယ်ဆိုရင် ဘယ်နိုင်ငံသားမဆို ဒါကို ဖွင့်ဟပြောဆိုခွင့်
ရှိပါတယ်၊ ဒါမျိုးလုပ်တယ်ဆိုတဲ့ဟာကတော့ တကယ့်ကို လပ်လွတ်စပယ် လုပ်တဲ့
ကိစ္စမျိုးပါ”ဟု (AAPP)အတွင်းရေးမှူး ဦးတိတ်နိုင်က ဆက်လက်ပြောသည်။
ယင်းကဲ့သို့ ထောင်ဒဏ်များချမှတ်ခံလိုက်ရသူများမှာ ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအောင်သူ၊ ကိုဌေးကြွယ်၊
ကိုဉာဏ်လင်း၊ ကိုမျိုးအောင်နိုင်နှင့် ကိုလှမျိုးနောင် တို့ ဖြစ်သည်။ |