Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

လူ့ဘောင်သစ်ပါတီ နှစ် (၂၀) ပြည့်အခမ်းအနား ကျင်းပ 

ရိုးမ ၃။ အောက်တိုဘာ ၁၄၊ ၂၀၀၈ 

20th DPNS photo

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း နှစ် (၂၀) ပြည့်အခမ်းအနားကို
ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် လက်ရှိ မြန်မာနိုင်ငံရေးအကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် နအဖစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံး ချွင်းချက်မရှိအမြန်ဆုံး ပြန်လွှတ် ပေးရန်၊ ပြည်သူ့လွှတ်တော်ခေါ်ပေးရန်နှင့် နိုင်ငံရေး အရ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးအဖြေရှာရန် စသည့် လုပ်ငန်းစဉ် (၃) ရပ်ကို အမြန်ဆုံး စတင်ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် ၎င်းလုပ်ငန်းစဉ်များကို တောင်းဆိုနေရုံမျှဖြင့် စစ်အစိုးရ က အသာတကြည် လိုက်လျောမည်မဟုတ်သဖြင့် တိုက်ပွဲဖန်တီးယူရမည်ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တာဝန်ရှိသူများက ပြောသည်။ 

“အဓိကပြောချင်တာကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ကျနော်တို့ဘာသာ ဖြေရှင်း ကြရမှာဖြစ်တယ်၊ တိုက်ပွဲနဲ့ ဖန်တီးယူရမယ်ဆိုတဲ့နေရာမှာ ကျနော်တို့ ဆုပ်ကိုင်ရမဲ့ ကျနော်တို့ရဲ့ အဓိကအင်အားက ပြည်သူ၊ အဲဒီအားကို ကျနော်တို့ ဆုပ်ကိုင်နိုင်ဖို့ကြိုးစားရမယ်၊ အဲဒီအားကို ကျနော်တို့ဆုပ်ကိုင်ပြီးတော့ နအဖကို အင်အားချိနဲ့သွားအောင် လုပ်ရမယ်၊ အဲဒါက ကနေ့ လတ်ကလောလုပ်ရမဲ့ အလုပ်လို့ ကျနော်မြင်တယ်၊ ကျနော်တို့ပါတီအနေနဲ့ အဲဒီအားတွေကို စုစည်းပြီး တစိုက်မတ်မတ်ကြိုးစားသွားမယ်လို့ ကျနော်ပြောချင်တယ် ”ဟု ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောသည်။ 

နအဖစစ်အစိုးရသည် ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ်အား အကောင်အထည်ဖော်ဆောင်ခြင်း မရှိသည့်အပြင် ပြီးခဲ့သည့်မေလအတွင်းက ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲတွင် ပြည်သူ့ဆန္ဒကို အတင်းအကြပ် လုယူခြင်းများ ပြုလုပ်သည့်အတွက် ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ဥပဒေအရသော်၎င်း၊ အနှစ်သာရအားဖြင့်၎င်း လက်ခံနိုင်ခြင်းမရှိကြောင်း ဦးအောင်မိုးဇော်က ဆက်ပြောသည်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအုံကြွမှုကြီးနှင့်အတူ ပေါက်ဖွားလာသည့် လူငယ်ကျောင်းသားအများစုပါဝင်သည့် ပါတီဖြစ်သည့်အပြင်  မြန်မာနိုင်ငံ အတွင်း ဒုတိယအင်အားအကြီးဆုံး ပါတီလည်းဖြစ်သည်။  

၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် အထွေထွေအတွင်းရေးမှူး မိုးသီးဇွန် ဦးဆောင်ပြီး တရားဝင် တော်လှန်ရေးပါတီအဖြစ် မြန်မာပြည်တွင်း ရပ်တည်ခဲ့ပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့တွင် စစ်အစိုးရက တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခြင်းခံခဲ့ရသည်။ 

ထို့အပြင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥပဒေတွင်းဖြတ်သန်းမှုမှ ဥပဒေပြင်ပ ဖြတ်သန်းမှု အခြေအနေများကို ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆက်ပြောသည်။

“ကျနော်တို့ပြောချင်တာက မြေပေါ်နိုင်ငံရေးကိုလှုပ်ရှားပြီးတဲ့နောက်မှ ပြည်ပကို ထွက်လာခဲ့တာ မဟုတ်ဘူး၊ အဓိကကတော့ တိုင်းရင်းသားဧရိယာတွေမှာရှိတဲ့ ညီအကိုမောင်နှမတွေ တိုင်းရင်းသားအင်အားစုတွေနဲ့ လက်တွဲပြီး တိုက်ပွဲဝင်ခဲ့တယ်၊ ဒါပေမဲ့ မာနယ်ပလောဌာနချုပ် ကျဆုံးသွားတဲ့နောက် နောက်တနေရာကို သွားတယ်၊ အဲဒီနေရာထပ်ကျသွားတဲ့နောက်မှ ကျနော်တို့ ပြည်ပကို ရောက်လာတာပါ”ဟု ပြောသည်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အနှစ် (၂၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ နယ်စပ် အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် လူငယ်များ အင်အား (၁၀၀) နီးပါး တက်ရောက်ခဲ့ကြသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com