Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3org

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိ

ဘုန်းခိုင်။ နိုဝင်ဘာ ၁၈၊ ၂၀၀၇

စာပေလွတ်လပ်ခွင့်များဆုံးရှုံးနေပြီး မိသားစုဘဝ လုံခြုံရေးကို ထိပါးနှောင့်ယှက်နေမှုများ ရှိနေသဖြင့် စာရေးဆရာမ နှင်းပန်းအိမ် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသည်။

နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာတွေ့ရန် အကူအညီများပေးနေသည့် ဆရာမ နှင်းပန်းအိမ်ကို စစ်အစိုးရအာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် ဖိအားပေး၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် မိသားစုဘဝလုံခြုံမရှိတော့သဖြင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ကျမခင်ပွန်းက နိုင်ငံရေးကိစ္စတခုနဲ့ ရှောင်တိမ်းနေရတယ်၊ အဲဒီဟာက ကျမတို့အပေါ် ဂယက် ရိုက်တယ်၊ ကျမက ယောင်္ကျားထောင်က လွတ်တဲ့အထိ အခြားထောင်ဝင်စာသမားတွေကို လိုက်တွေ့ပေးတုန်း၊ ဘူးသီးတောင်၊ မိုင်းဆတ်၊ ကလေး၊ မြစ်ကြီးနားထောင်တွေ သွားကူညီပေး တာ၊ အဲဒါ (SB)တွေက ကျမကို မေးမြန်းစစ်ဆေးတာတွေ လုပ်တယ်၊ အခုယောင်္ကျားက ကိစ္စ တခု ထပ်ဖြစ်နေတော့ ကျမတို့ နေဖို့အခက်အခဲဖြစ်လာတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြော သည်။

ဆရာမနှင်းပန်းအိမ်၏ အမျိုးသားဖြစ်သူမှာ ဒဂုံမြို့သစ် အန်အယ်ဒီလူငယ် အဖွဲ့ချုပ်ဝင်တဦး ဖြစ်၍ ၁၉၉၈ ခုနှစ်တွင် ထောင် (၁၄) နှစ်ချမှတ်ခံရကာ ကလေးထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

အာဏာပိုင်များနှောင့်ယှက်မှုများနှင့် ပတ်သက်၍ “ကျမမွေးတဲ့မြေ၊
တသက်လုံးနေလာတဲ့ မြေ ကနေ ဘယ်ခွဲချင်ပါ့မလဲ၊ သူတို့က ကျမတို့ကို ဖိအားတွေပေးတယ်၊ ဒီလိုကူညီတာတွေကို စိတ်အနှောင့်အယှက်မျိုးစုံ ပေးတယ်၊ ကားနဲ့သွားရင် ကားနံပါတ်ကအစ စစ်ဆေးတယ်၊ ယောင်္ကျားလွတ်နေပြီ ခင်ဗျားက ဘာကိစ္စနဲ့ လုပ်နေတာလဲ အဲလိုတွေ နည်းမျိုးစုံနဲ့ နှောင့်ယှက် တာ၊ မတွေ့ပြန်ရင်လဲ အိမ်ကိုလာမေးတယ်၊ ဘယ်ကိုသွားတာလဲ၊ ဘာကိစ္စနဲ့လဲ အဲလိုတွေ နေ့စဉ် နဲ့အမျှ ရင်ဆိုင်ရတယ်”ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စာပေလွတ်လပ်မှုနှင့်ပတ်သက်၍ စာပေသမားတိုင်းသည် အနုပညာ မြောက်အောင် ရေးသားနိုင်ဖို့ထက် စာပေစီစစ်ရေးကိုလွတ်အောင် ရေးသားနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျမတို့ စာပေသမားတွေက ဆင်းရဲတာကို ခံနိုင်တယ်၊ ပြည်သူတွေဖြစ်ပျက်နေတာကို အမှန် တိုင်း ရေးချင်တယ်၊ ကျမရေးခဲ့တဲ့အထဲမှာ စာပေစီစစ်ရေးက ဖျက်တာ (၁၅) ပုဒ်လောက် ခံခဲ့ရ တယ်၊ နောက်တခုက ကျမတို့စာကြောင်းတွေ ဖြုတ်ခံရတာရှိတယ်၊ ကိုယ်ပေးချင်တဲ့အတွေးကို သူတို့ဖြုတ်လိုက်ပြီဆို တပုဒ်လုံးက အဓိပ္ပါယ်မရှိတော့ဘူးလို့ လူထုအမေမာက ပြောခဲ့ဖူးတယ်” ဟု ဆရာမ နှင်းပန်းအိမ်က ပြောသည်။

ဆရာမ နှင်းပန်းအိမ်သည် အမေလူထုဒေါ်အမာ၏ အားပေးမှုကြောင့် ခရီးသွားဆောင်းပါးများ ဖြင့် ၂၀၀၀ ခုနှစ်မှစတင်ကာ စာပေနယ်ထဲသို့ရောက်ရှိခဲ့ပြီး “တမာပန်းနှင့် ဘဝလမ်း” ဆောင်းပါး ဖြင့် လူသိများလာသူ ဖြစ်သည်။

ယခုအချိန်ထိ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို ၂၀၀ ခန့် ရေးသားခဲ့ပြီး တော်ဘုရားလေးစာပေ ဆု၊ ဂျပန်မှ စာဖတ်သူတဦးပေးသည့် ကျနော်အကြိုက်ဆုံးဆုနှင့် ပြီးခဲ့သည့်လ (၂၆) ရက်နေ့က “ရိုးချောင်းဘေးက ကြာ” ခေါင်းစဉ်ဖြင့် နေမင်းအားမာန်အဖွဲ့မှပေးသည့် ဝတ္ထုတိုဆုတို့ကို ဆွတ်ခူးရရှိခဲ့ပြီးဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com