|
နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝင်စာသွားတွေ့ရာတွင်
အခက်အခဲမျိုးစုံကြုံနေရ
ဖြိုးကြီး။ နိုဝင်ဘာ ၂၀၊ ၂၀၀၈
ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင်များအပေါ် ထောင်အာဏာပိုင်များက
ရိုင်းပြစွာ ဆက်ဆံ သည့်အပြင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည်။
ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံလိုက်ရပြီး နယ်အကျဉ်းထောင်များသို့
ပြောင်းရွှေ့လိုက်သူ ကိုသူရိန်အောင်အား မိသားစုဝင်များက
ထောင်ဝင်စာသွားတွေ့ရာတွင် စစ်တွေထောင်အာဏာ ပိုင်များက ရိုင်းပြစွာ
ဆက်ဆံပြောဆိုလိုက်ပြီး စစ်တွေထောင်တွင်မရှိကြောင်း ပြောလိုက်သည် ဟု
မိသားစုဝင်တဦးက ပြောသည်။
“အင်းစိန်ထောင်က ပြောလိုက်တဲ့အတိုင်း စစ်တွေထောင်ကို သွားစုံစမ်းတော့
ထောင်ဝန်ထမ်း တွေက ဒီစစ်တွေထောင်မှာ မရှိဘူးဆိုပြီး ငေါက်ငမ်းတယ်၊
ကြမ်းကြမ်းတမ်းတမ်းကို ပြောတာ၊ ကျမတို့က အင်းစိန်ထောင်က ပေးလိုက်တဲ့
စာကိုပြမှ ဘူးသီးတောင်ထောင်မှာ ရှိတယ်ဆိုပြီး ပြောတာ” ဟု
မိသားစုဝင်တဦးက ပြောသည်။
မိသားစုဝင်များက ဘူးသီးတောင်ထောင်သို့ လိုက်သွားရာတွင်
ကိုသူရိန်အောင်အား တွေ့ရှိခြင်း မရှိဘဲ ကိုကျော်မင်းကိုသာ
တွေ့ခဲ့ရပြီး ထောင်အာဏာပိုင်များက ကျောက်ဖြူထောင်မှာရှိ ကြောင်း
ပြောဆိုလိုက်သဖြင့် စစ်တွေသို့ပြန်လာပြီးမှ ကျောက်ဖြူသို့
ဆက်သွားရသည့်အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရသည်ဟု ဆက်ပြောသည်။
“သူရိန်အောင်ဆိုတာ ဒီမှာ မရှိဘူး၊ ကျော်မင်းဆိုတာတော့ ရှိတယ်၊
ကျမတို့ကလဲ စစ်တွေ ထောင်က ပြောလိုက်တာက ဒီဘူးသီးတောင်ထောင်မှာလို့
ပြောတယ်ဆိုပြီး ဆက်မေးတော့မှ စာရင်းကိုပြန်ရှာကြည့်ပြီး
ကျောက်ဖြူထောင်မှာလို့ ပြောတယ်၊ ကျမတို့လဲ တခါမှမရောက်ဖူး တော့
ခရီးသွားလာရေးက တော်တော်ခက်တာပေါ့၊ ဒါနဲ့ စစ်တွေကိုပြန်လာပြီးမှ
ကျောက်ဖြူကို ဆက်သွားနဲ့ အရမ်း ဒုက္ခရောက်တာပေါ့၊ ခရီးစရိတ်လဲ ပြတ်၊
အဲလိုတွေဖြစ်တယ်”ဟု မိသားစုဝင် က ပြောသည်။
အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို ယခုကဲ့သို့
နယ်အကျဉ်းထောင်များသို့ပို့ပြီး တနေရာမှ တနေရာသို့
ထပ်မံပြောင်းရွှေ့သည်ကို အတိအကျပြောဆိုခြင်း မရှိသည့်အပြင်
ထောင်ဝန်ထမ်းများက ရိုင်းပြစွာ ဆက်ဆံမှုများကြောင့်
ထောင်ဝင်စာသွားတွေ့သည့် မိသားစုဝင် များမှာ အခက်ခဲမျိုးစုံဖြင့်
ရင်ဆိုင်နေရသည်။
“ဒီလို မိသားစုနဲ့ ဝေးလံတဲ့နေရာတွေကို ပြောင်းတာဟာ (၇)
ရက်သားသမီးတွေကို တမင် ဒုက္ခ ရောက်အောင် လုပ်ကြတာ၊ ပြစ်မှုကလဲ
ကြီးကြီးမားမားလဲမဟုတ်ဘူး၊ ဒီလိုလုပ်တဲ့သူတွေ တနေ့ တော့ ဝဋ်လည်ကြမှာပဲ၊
ကျမတို့သွားတွေ့ဖို့ဆိုတာ ငွေကြေးကအစ အခက်အခဲမျိုးစုံပဲ” ဟု
ကိုသူရိန်အောင်၏ မိသားစုဝင်တဦးက ဆက်လက်ပြောဆိုခဲ့သည်။
ကိုသူရိန်အောင် အပါအဝင် (၆) ဦးတို့သည် ပြီးခဲ့နှစ်က မေဒေးနေ့အကြောင်း
ဟောပြောခြင်း၊ အလုပ်သမားအခွင့်အရေးများ ဟောပြောခဲ့ခြင်းတို့ကြောင့်
အာဏာပိုင်များက မတရားဖမ်းဆီး၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းကို
ခံခဲ့ရသူများဖြစ်သည်။ |