|
တရားရုံးတွင် အမှုသည်များကိုယ်တိုင် လျှောက်လဲချက်ပေးနေရ
ရိုးမ ၃။
နိုဝင်ဘာ ၅၊ ၂၀၀၈
တရားရုံးတွင် ရှေ့နေများ လာရောက်နိုင်ခြင်းမရှိသည့်အတွက်
စွပ်စွဲခံရသည့်အမှုသည်များမှာ ကိုယ်တိုင် လျှောက်လဲချက်ပေးနေရသည်။
ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်တရားရုံးတွင် ဦးမြင့်အေး၊
ကိုရန်ရွှေနှင့် ကိုဇော်ဇော်အောင် တို့အား ပုဒ်မ (၁၇/၁) နှင့် (၁၃/၅)
တို့ဖြင့် ရုံးထုတ်စစ်ဆေးရာတွင် ရှေ့နေများ လာရောက်နိုင်
ခြင်းမရှိသည့်အတွက် ကိုယ်တိုင် လျှောက်လဲခဲ့ရသည်။
“စွပ်စွဲခံရတဲ့သူတွေမှာ ရှေ့နေတွေ အခက်အခဲဖြစ်နေတယ်၊ ရှေ့နေကြီး
ဦးခင်မောင်ရှိန်ကလဲ မလာဖြစ်ဘူး၊ မနက်ဖန် သူက ဗဟိုတရားရုံးမှာ
ထုချေစရာရှိတယ်၊ လူငယ် စောကျော်ကျော်မင်း နဲ့ တခြားရှေ့နေတွေ
တယောက်မှမလာဖြစ်လို့”ဟု လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ
ကိုမောင်မောင်လေးက ပြောသည်။
အမှုစစ်ဆေးရာတွင် တရားလိုများဘက်မှ လိုပြသက်သေအဖြစ်
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၆) ဦးခန့်
လာရောက်ကာ ထွက်ဆိုခဲ့ကြောင်းနှင့် ဦးမြင့်အေးတို့မှာ တဦးချင်း
ကိုယ်တိုင် လျှောက်လဲချက်ပေးခဲ့ရကြောင်း သူက ဆက်ပြောသည်။
“ခင်ဗျားတို့ အခုပြောနေတာတွေက စွပ်စွဲချက်တွေသာဖြစ်တယ်၊
ကျနော်တို့အနေနဲ့ ဒီကိစ္စတွေ မှာ ပတ်သက်ခြင်း၊ သိရှိခြင်း၊ တစုံတရာ
ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ ဦးမြင့်အေးက
ကိုယ်တိုင်လျှောက်လဲခဲ့တယ်၊ ဇော်ဇော်အောင်ကတော့ စစ်ကြောရေးမှာ (၅)
ရက်နဲ့ (၅) ည မအိပ်ရဘဲ အရိုက်ခံရလို့ မခံနိုင်တော့လို့သာ
သူတို့လိုချင်တာကို ခေါင်းညိတ်ပေးလိုက်တာလို့ ပြောတယ်”ဟု
ကိုမောင်မောင်လေးက ပြောသည်။
၎င်းတို့အား ရုံးထုတ်ရာတွင် မိသားစုဝင်များနှင့် တွေ့ခွင့်ရခဲ့ပြီး
ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်းနှင့်
ယခုစွပ်စွဲချက်များနှင့်ပတ်သက်၍ တုန်လှုပ်မှုတစုံတရာမရှိကြောင်း
ဦးမြင့်အေးကပြောဆိုသည်ဟု ကိုမောင်မောင်လေးက ပြောသည်။
“ဦးမြင့်အေးက ဒါတွေကစွပ်စွဲတာတွေပဲ၊ ဘယ်တတ်နိုင်မလဲ
ကိုယ်မဟုတ်ဘူးဆိုတော့ ဘာမှ သိပ်တုန်လှုပ်လှုပ်ခြောက်ခြားမှု
မရှိပါဘူးဆိုပြီး ပြောတယ်”ဟု ပြောသည်။
အင်းစိန်မြို့နယ်တရားရုံးက ဦးမြင့်အေးတို့အမှုအား လာမည့် (၁၃)
ရက်နေ့တွင် ထပ်မံချိန်းဆို လိုက်သော်လည်း အမှုသည်များဘက်မှ
ရှေ့နေများလိုက်ပါနိုင်ခြင်းရှိမရှိကိုမူ မသိရသေး ကြောင်း သူက
ဆက်လက်ပြောဆိုခဲ့သည်။ |