|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ထောင်ဒဏ်များချမှတ်
ဉာဏ်မောင်။ နိုဝင်ဘာ ၁၃၊ ၂၀၀၈
ကြည့်မြင့်တိုင်နှင့်
လှိုင်သာယာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို အင်းစိန်
ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ဦးတင်ယုအပါအဝင် (၁၁)
ဦးအဖွဲ့အား ယနေ့နံနက် (၁၀) နာရီတွင် ထောင်ဒဏ် (၇) နှစ်ခွဲ
အင်းစိန်ထောင်တွင်းတရားရုံးက ချမှတ်လိုက်ခြင်းဖြစ်သည်။
“ဦးတင်ယုတို့ကို
အမိန့်ချတာကို သွားတွေ့ဖို့ ထောင်အာဏာပိုင်တွေက ဝင်ခွင့်မပြုဘူး၊
အင်းစိန် ထောင်ထဲက တရားရုံးက အမိန့်ချလိုက်တာ၊ ပုဒ်မ (၄) ခုနဲ့
စွဲထားတာ၊ အဲဒီအထဲမှာ သန့်ဇင်မျိုး ကတော့ (၅) မှုနဲ့ စွဲထားတယ်”ဟု
ဦးတင်ယု၏ဇနီးက ပြောသည်။
ထောင်ဒဏ်ချမှတ်ခံရသူများမှာ ဦးတင်ယု၊ မောင်စန်းနိုင်၊ ကိုစိုးမင်း၊
မလှလှမော်၊ ကိုရန်နိုင် ထွန်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊
မောင်စန်းဝင်း၊ ကိုအောင်မင်းနိုင် (ခ) ကိုမီးသွေး၊ ကိုဝင်းမြင့်၊
ကိုမျိုးကျော်ဇင် တို့ဖြစ်သည်။
ထို့အပြင်
လှည်းတန်းတရားရုံးတွင် အမှုရင်ဆိုင်နေရသူ ကိုသန်းဇော်မြင့်၊
ကိုသိုက်မင်း၊ မငယ်၊ ကိုသန့်ဇင်မျိုးနှင့် အခြားနှစ်ဦးတို့အား
တရားရုံးအာဏာပိုင်များက အင်းစိန်ထောင်တွင်းတရား ရုံးသို့ ယနေ့
လွှဲပြောင်းလိုက်ပြီး မနက်ဖြန်တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း ၎င်းက
ဆက်ပြော သည်။
“သန့်ဇင်မျိုးကို
လှည်းတန်းမှာ စွဲထားတဲ့အမှုရယ်၊ သူတို့ကို လှည်းတန်းအချုပ်ကနေ ဒီနေ့
အင်းစိန်ထောင်ထဲကို ပြောင်းလိုက်တယ်၊ သူတို့က (၆) ယောက်အဖွဲ့၊
မနက်ဖြန်အမိန့်ချမယ်”ဟု ဆက်ပြောသည်။
ဦးတင်ယုအပါအဝင်
အဖွဲ့ချုပ်ဝင်အချို့အား သြဂုတ်လအတွင်း အာဏာပိုင်များက နေအိမ်များမှ
ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး
ပုဒ်မ(၅၀၅-ခ)နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ပုဒ်မ(၁၄၃)
ဥပဒေနှင့်ဆန့်ကျင်သည့် လူစုလူဝေးတွင်ပါဝင်မှု၊ ပုဒ်မ (၁၄၅) လူစုခွဲရန်
အမိန့်ပေးထား သည်ကိုသိလျှက်နှင့် ဆက်လက်ပါဝင်နေမှု၊ ပုဒ်မ(၁၅၂)
ဝန်ထမ်းကို ပြန်လည်ခုခံမှုတို့ဖြင့် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။ |