|
ဥပဒေကျောင်းသူ မဟန်နီဦးအား ထောင်ဒဏ်ချမှတ်
ဖြိုးကြီး။ နိုဝင်ဘာ ၁၃၊ ၂၀၀၈
ပြီးခဲ့သည့်နှစ်
အောက်တိုဘာလ (၉) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ဥပဒေကျောင်းသူ
မဟန်နီဦးအား ထောင်ဒဏ် (၉) နှစ်ခွဲ ချမှတ်လိုက်သည်။
ရန်ကုန်တိုင်း၊
တာမွေအရှေ့ပိုင်းခရိုင်တရားရုံး ခုံ(၁)က ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅(ခ)၊
အသင်းဖွဲ့(၆) ပုဒ်မများဖြင့် ယနေ့နံနက်ပိုင်းက
အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
“အခုလို
ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ သူ့ရှေ့က နောင်တော်တွေ၊ အမတွေကို ချမှတ်
လိုက်တဲ့ နှစ်တွေနဲ့စာရင် ကျနော့်သမီးကို ချမှတ်လိုက်တာကို
ဘယ်လိုပြောရမလဲ ကမ္ဘာကြီး မီးလောင်နေချိန်မှာ ဆီမီးခွက် မီးတောက်တာကို
ဦးနှောက်ထဲတောင် မထားတော့ပါဘူးလို့ သဘောထားပါတယ်”ဟု
မဟန်နီဦး၏ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောသည်။
မဟန်နီဦးအား
တရားလိုသက်သေများက သံဃာတော်များစီတန်းလှည့်လည်ရာတွင် ပါဝင်ခဲ့ သည်ဟု
ထွက်ဆိုခဲ့သော်လည်း အဆိုပါရက်ပိုင်း မဟန်နီဦးမှာ
စာမေးပွဲဖြေဆိုနေခြင်းဖြစ် ကြောင်း ဖခင်ဖြစ်သူက ဆက်ပြောသည်။
“အဲဒီရက်တွေမှာက
ကျနော့်သမီးက စာမေးပွဲဖြေနေတဲ့ရက်ပါ၊ ကျနော့်သမီး စာမေးပွဲဖြေဆို
ကြောင်းရယ်၊ အောင်စာရင်းထုတ်ပြန်တော့ စာမေးပွဲဖြေထားလို့ အောင်မြင်တဲ့
ဘာသာ၊ ကျတဲ့ ဘာသာတွေကို ထုတ်ပြန်ပေးထားတယ်၊ အဲဒီအတွက် သက်ဆိုင်ရာက
ဖြေရင်ဖြေတယ်၊ မဖြေရင်မဖြေဘူးဆိုတာကို စာထုတ်ပေးပါလို့ တရားဝင် သြဂုတ်လ
(၂၅) ရက်နေ့မှာ မော်ကွန်း ထိန်းဆီကို စာတင်ပြီးတောင်းတာ
အကြောင်းမပြန်ခဲ့ဘူး”ဟု ပြောသည်။
ယခုကဲ့သို့ သမီးဖြစ်သူအား
ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ခံစားရမှုနှင့်ပတ်သက်၍
“ထောင်ကျသွားသူတွေအတွက်ရော ကျနော့်သမီးအတွက်ရော ကျနော်ခံစားရတာတော့ ဆရာ
ဗန်းမော်တင်အောင်ပြောသွားတဲ့ လူတယောက်ရဲ့ တန်ဖိုးဟာ
သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက ပုခုံးပေါ်တင်ပေးလိုက်တဲ့
သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင် ခဲ့တယ်ဆိုတဲ့ အချက်နဲ့ပဲ
တိုင်းတာရမယ်ဆိုတဲ့အတိုင်း ကျနော့်သမီးဟာ သူ့သမိုင်းကို သူတာဝန်
ယူသွားတယ်လို့ပဲ ကျနော်ခံစားရတယ်”ဟု ဆက်လက်ပြောသည်။
ထို့အပြင် တာမွေမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ဝင် ကိုမျိုးခင်အား ထောင်ဒဏ် (၆) နှစ်ခွဲနှစ်
သစ်စက်အလုပ်သမား ကိုမျိုးခိုင်အား ထောင်ဒဏ် (၄) နှစ်ခွဲစီ
အသီးသီးချမှတ်လိုက်သည်။ |