|
ကျောင်းသားခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်များချမှတ်
ဖြိုးကြီး။ နိုဝင်ဘာ
၁၁၊ ၂၀၀၈
ကိုမင်းဇေယျအပါအဝင် (၈၈)မျိုးဆက်ကျောင်းသားများကို အင်းစိန်ထောင်တွင်း
တရားရုံးက ထောင်ဒဏ် (၆၅) နှစ်စီ ချမှတ်လိုက်သည်။
ယနေ့နေ့လည်ပိုင်းက ကျောင်းသားခေါင်းဆောင် (၁၄) ဦးကို
မြောက်ပိုင်းခရိုင်တရားရုံးတွင် စွဲထားသည့် အီလက်ထရောနစ်ပုဒ်မ
(၄) ခု၊ တောင်ပိုင်းခရိုင်တရားရုံးမှ စွဲထားသည့် အသင်း အဖွဲ့ပုဒ်မ
(၆) ခုတို့ဖြင့် ထောင်ဒဏ်များ ချမှတ်လိုက်သည်။
ထောင်ဒဏ်ချမှတ်ခံရသူများမှာ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊
ကိုဇော်ဇော်မင်း၊ ကိုသန်းတင့်၊ ကိုဇေယျ(လူဘောင်သစ်)၊ ကိုအံ့ဘွယ်ကျော်၊
ကိုကျော်ကျော်ထွေး၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုသက်ဇော်၊ မသင်းသင်းအေး (ခ)
မမီးမီး၊ မမာမာဦး၊ မနီလာသိန်း၊ မစန္ဒာမင်းနှင့် မသက်သက်အောင်
တို့ဖြစ်သည်။
ယင်းကဲ့သို့ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍
ကိုဇော်ဇော်မင်း၏ ဇနီး ဒေါ်ဌေး ဌေးဝင်းက
“အခုလိုထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် အစ်မရင်ထဲက ခံစားချက်ကတော့
သူတို့တွေ မတရားတာပေါ့၊ ပုဒ်မတွေအမျိုးမျိုးတပ်ပြီး အခုလိုထောင်ဒဏ်တွေ
ချမှတ် လိုက်တာ၊ သူတို့မတရားဘူးဆိုတာတွေလဲ ပေါ်နေတာပေါ့”ဟု ပြောသည်။
အာဏာပိုင်များက ကိုဇော်ဇော်မင်းကို ဧည့်စာရင်းစစ်ရန်ဟု အကြောင်းပြကာ
ပြီးခဲ့သည့်နှစ် (၈)လပိုင်း၊ (၂၁) ရက်နေ့က ခေါ်ဆောင်သွားခြင်းဖြစ်ပြီး
ယခုကဲ့သို့ ပုဒ်မများတပ်၍ ထောင်ဒဏ်ချ မှတ်လိုက်ခြင်းဖြစ်သည်ဟု
ဇနီးဖြစ်သူက ပြောသည်။
“ကျမဘာကိုယုံကြည်လဲဆိုတော့ အခုတရားဥပဒေဆိုတာ တရားခြင်း၊
မတရားခြင်းဆိုတာ မရှိ တော့ဘူး၊ ကျမသားနဲ့ ယောင်္ကျားအတွက်ကို ကျမ
အများကြီးဘဲဂုဏ်ယူပါတယ်၊ စိတ်ဓါတ်လဲ မကျပါဘူး၊ အမှန်တရားကိုလုပ်လို့
အခုလိုဖြစ်တာကို ဂုဏ်ယူပါတယ်”ဟု ဒေါ်ဌေးဌေးဝင်းက ဆက်ပြောသည်။
၎င်းအနေဖြင့် ယောင်္ကျားအပြင်၊ သားဖြစ်သူ ဒီငြိမ်းလင်းကိုလည်း
ရုံးထုတ်နေဆဲဖြစ်ကြောင်းနှင့် အာဏာပိုင်များဘက်က မည်ကဲ့သို့
လုပ်ဆောင်နေသည်ဖြစ်စေ စိတ်ဓါတ်ကျသွားမည်မဟုတ် ကြောင်း ပြောသည်။
“သူတို့ လုပ်ချင်တာ လုပ်ပါစေ ကျမကတော့ စိတ်ဓါတ်မကျအောင်လို့
အချိန်ပြည့် အားပေးနေ မှာဘဲ၊ သားကိုလဲ အားပေးမယ်၊ ယောင်္ကျားကိုလဲ
အားပေးမယ်၊ သူတို့ ထောင်ဒဏ်တွေ ဘယ် လောက်ချချ ကျမ အသက်ကြီးသွားလို့
တောင်ဝှေးနဲ့ ဆံပင်ဖြူနေရင်တောင် လာတွေ့မယ်လို့ ပြောထားတယ်”ဟု
ဒေါ်ဌေးဌေးဝင်းက ဆက်ပြောသည်။
ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုသန်းတင့်၏ညီမက ယခုကဲ့သို့
ထောင်တွင်းတရားရုံး မှာပင် ထောင်ဒဏ်များချမှတ်လိုက်ခြင်းသည်
လုံးဝတရားမျှတမှုမရှိကြောင်း ပြောဆိုသည်။
“အခုလို ကျမအစ်ကိုကို (၆၅) နှစ်ချလိုက်တာဟာ မတရားဘူးလို့ခံစားရပါတယ်၊
ကျမအစ်ကိုက ဒီလို ပုဒ်မကြီးကြီးနဲ့ ကျစရာလဲ အကြောင်းမရှိဘူး၊
အဲလိုမျိုး ပုဒ်မတွေလဲ တပ်လိမ့်မယ်လို့ မထင်ဘူး၊ ကျမအစ်ကိုက
မှန်တာကိုလုပ်တယ်၊ ဟုတ်တာကိုပြောတယ်၊ အဲဒီအပေါ်မှာ သူတို့က
အခုလိုလုပ်လိုက်တာပါဘဲ”ဟု သူမက ပြောသည်။
ထို့အပြင် မြို့တော်ခန်းမရှေ့တွင် ဆိုင်းဘုတ်ကပ်သည့်အမှု၊
ယခင်အမှုအဟောင်း ကျောက်တော် ကြီးအမှုများဖြင့်
အင်းစိန်ထောင်တွင်းတရားရုံးက မစုစုနွေးအား ထောင်ဒဏ် (၁၂) ခွဲ၊
ကိုဘိုဘိုဝင်းလှိုင်အား ထောင်ဒဏ် (၈) နှစ်စီ အသီးသီး ချမှတ်လိုက်သည်။ |