|
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနား
ကျင်းပ
ရိုးမ ၃။ နိုဝင်ဘာ ၂၅၊ ၂၀၀၈

နိုင်ငံတကာ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား
ကို ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းတွင် ယနေ့နံနက်ပိုင်းက
ကျင်းပပြုခဲ့သည်။
အဆိုပါ အခမ်းအနားကို အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)မှ
ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခြား
အမျိုးသမီးများအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့်
မြန်မာရွှေ့ပြောင်း အလုပ်သမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ “စစ်အာဏာရှင်လက်အောက်မှာ
အမျိုးသမီးတွေ ဘယ်လောက်ထိ အကြမ်းဖက်ခံနေရလဲဆိုတာရယ်၊ လိင်ပိုင်းဆိုင်ရာ
နှောင့်ယှက်ခံရမှု၊ အဓမ္မ ပြုကျင့်ခံရမှုတွေ ပပျောက်သွားတာမဟုတ်ဘဲ
လျော့နည်းသွားအောင် ဘယ်လိုလုပ်မလဲဆိုတာ၊ ကျမတို့
အဝန်းအဝိုင်းမှာရှိနေတဲ့ အမျိုးသမီးတွေကို ဒီကိစ္စတွေနဲ့
ပတ်သက်တဲ့အကြောင်းအရာ တွေကို ပိုမိုသိမြင်လာအောင်၊ ဒီအဖြစ်မျိုးကို
အမျိုးသားတွေကအစ အကုန်လုံး ပပျောက်အောင် လုပ်ဖို့ တာဝန်ရှိတယ်ဆိုတာကို
သိစေချင်တယ်၊ အဲဒါတွေကြောင့် ကျမတို့ ကျင်းပရခြင်းဖြစ် တယ်”ဟု
မြန်မာအမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ မလွေးအေးနန်းက
ပြောသည်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေဖြင့် ငြိမ်းချမ်းရေးနှင့်
ပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးမြှင့်တင်ရေး၊ အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုပပျောက်ရေး ဆိုသည့် လုပ်ငန်းစဉ် (၃) ခု ချမှတ်ကာ
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မလွေးအေးနန်းက ဆက်ပြောသည်။
မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင်ရှိသည့် အမျိုးသမီးများအတွက်
လှုပ်ရှားဆောင်ရွက်မှုများသည် ကျေနပ်လောက်အောင် မရှိသေးကြောင်းနှင့်
မြန်မာနိုင်ငံသည် စာရင်းဇယားများအရ မိခင်များ သေဆုံးမှု
အများဆုံးဖြစ်ကြောင်း ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“ကိုယ်ဝန်ဆောင်စဉ်ကစလို့ ဘဝလုံခြုံမှုရရှိဖို့၊
အမျိုးသမီးတွေတော်တော်များများဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့်
ပြေးရင်းလွှားရင်းနဲ့ ကလေးမွေးဖို့နေရာ အတည်တကျမရှိဘဲ တောထဲမှာ သေ
သွားတဲ့သူတွေ အများကြီးရှိတယ်၊ အဲလိုအခြေအနေတွေမှာ ပြန်ကြည့်ရင်
မြန်မာနိုင်ငံဟာ မိခင် တွေသေဆုံးမှု အများဆုံးဖြစ်နေတယ်၊ အဲဒါဟာ
အကြမ်းဖက်ခံရမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု ခံရခြင်းတွေကြောင့်
ဖြစ်တယ်”ဟု သူမက ဆက်လက်ပြောသည်။
နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်
ဖြစ်ပေါ်လာ ခြင်းနှင့် (၁၆) ရက်တာ လှုပ်ရှားမှုဖြစ်ပေါ်လာခြင်း
သမိုင်းအကြောင်းကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မတင်တင်နွယ်က ရှင်းလင်းပြောကြားခဲ့သည်။
၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ (၅၄)
ကြိမ်မြောက် အထွေထွေညီလာခံကြီး၏ (၈၃) ကြိမ်မြောက်
မျက်နှာစုံညီအစည်းဝေးပွဲတွင် နိုဝင်ဘာလ (၂၅)ရက်နေ့ကို
ကမ္ဘာ့အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် သတ်မှတ်ကြရန်
ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့
အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ မဲဆောက်၊ ချင်းမိုင်၊
မယ်ဟောင်ဆောင်၊ စံခလဘူရီမြို့များတွင်
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ဦးဆောင်ကျင်းပခဲ့ပြီး
အိန္ဒိယနိုင်ငံ၊ နယူးဒေလီနှင့် နယ်စပ်မြို့များတွင် တပြိုင်နက်တည်း
ကျင်းပခဲ့ကြသည်။ |