|
အရှင်ဂမ္ဘီရကို ထောင်ဒဏ် (၆၈) နှစ် ချမှတ်
ဘုန်းခိုင်။ နိုဝင်ဘာ ၂၂၊ ၂၀၀၈
ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သည့်
သံဃာ့တပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂမ္ဘီရကို စုစုပေါင်း ထောင်ဒဏ် (၆၈)
နှစ် ချမှတ် လိုက်သည်။
အင်းစိန်ထောင်တွင်းတရားရုံးတွင် အလုံမြို့နယ်တရားရုံးက စွဲဆို သည့်
ပုဒ်မ(၂၉၅-က) သာသနာတော် ညှိုးနွမ်းအောင် လုပ်ဆောင်မှု၊ ပုဒ်မ (၅၀၅-ခ)
နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှု၊ ပုဒ်မ (၁၇-၁)
တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှု၊ ပုဒ်မ (၁၃-၁)
နယ်စပ်ဖြတ်ကျော်မှု စသည့်အမှုများဖြင့် ယမန်နေ့က ထောင်ဒဏ် (၁၂)
နှစ်ချမှတ်လိုက်ခြင်း ဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စများကို
မသိရသေးကြောင်း မိသားစုဝင်တဦးက ပြောသည်။
နိုင်ဝင်ဘာလ (၂၀) ရက်နေ့တွင် အင်းစိန်ထောင်တွင်းတရားရုံးမှာပင်
အရှင်ဂမ္ဘီရကို ကမာရွတ် မြို့နယ်က စွဲဆိုထားသည့် အမှု (၉) မှုဖြင့်
ထောင်ဒဏ် (၂၉) နှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့က ကြည့်မြင်တိုင်တရားရုံးမှ
စွဲဆိုသည့်အမှုအတွက် ထောင်ဒဏ် (၁၂) နှစ်၊ အနောက်ပိုင်းခရိုင် တရားရုံးက
စွဲဆိုသည့်အမှုဖြင့် ထောင်ဒဏ် (၁၅) နှစ်ချခံရသည့်အတွက် အရှင်ဂမ္ဘီရသည်
စုစုပေါင်း ထောင်ဒဏ် (၆၈) နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
“ဦးဇင်းကိုတော့ ထင်တဲ့အတိုင်းပဲ သူတို့ ထောင်ဒဏ်တွေချလိုက်တာပေါ့၊
လောလောဆယ်တော့ လိုအပ်တဲ့ စောင်တို့ ဘာတို့တော့ ပေးထားခဲ့တယ်” ဟု
ထောင်ဝင်စာသွားတွေ့ခဲ့သည့် မိသားစု ဝင်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအတွင်း အရှင်ဂမ္ဘီရသည်
သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်အဖြစ် ဦးဆောင်ပါဝင်ခဲ့ပြီး
တနိုင်ငံလုံးအတိုင်းအတာဖြင့် ရဟန်းရှင်လူ ပြည်သူ အများ ပါဝင်လာသည့်
သံဃာလူထုဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်
သံဃာတပါးဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များက သံဃာလှုပ်ရှားမှုအတွင်း ထင်ရှားသည့်
သံဃာတော်များအား ဖမ်းဆီးခဲ့ရာ ကာလအတန်ကြာ ရှောင်တိမ်းနေရာမှ အရှင်ဂမ္ဘီရ
ဖမ်းဆီးရခဲ့ပြီးနောက် အင်းစိန် ထောင်တွင် ချုပ်နှောင်ထားခဲ့ပြီး
ယခုကဲ့သို့ ပုဒ်မများတပ်၍ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ရွှေဝါရောင်တော်လှန်ရေးကာလတွင်
ရန်ကုန်စက်မှုဇုံ အလုပ် သမားများသမဂ္ဂကို ဦးဆောင်ခဲ့သည့်
ကိုထွန်းထွန်းဦးကို ထောင်ဒဏ် (၁၉) နှစ်၊ ကိုအောင် ကျော်မိုးကို (၁၁)
နှစ်၊ ကိုမောင်မောင်လတ်ကို (၁၀) နှစ်၊ မထားထားသက်ကို (၁၉) နှစ် အသီးသီး
ချမှတ်လိုက်သည်။ |