|
မဲရုံမှူးရှေ့တွင်အမှန်ခြစ်ခဲ့ရ
အချို့ရပ်ကွက်များတွင် ယမန်နေ့ကတည်းက ကြိုတင်မဲပေးခဲ့ရ
ဖြိုးကြီး။
မေ ၁၀၊ ၂၀၀၈
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် လူထုဆန္ဒခံယူပွဲ မဲပေးခဲ့ရာ၌
မဲရုံးမှူးရှေ့တွင် အမှန်ခြစ်ခဲ့သူများ ရှိခဲ့ပြီး အချို့ရပ်ကွက်များတွင် ယမန်နေ့ကတည်းက ကြိုတင်မဲပေးခဲ့ရသူများရှိကြောင်း သိရသည်။
တောင်ငူမြို့ရှိ အချို့ပြည်သူလူထုမှာ မည့်သည့်ပုံစံဖြင့် မဲပေးရမည်ကို
ကြိုတင်မသိရှိခဲ့ခြင်း ကြောင့် ယခုကဲ့သို့ မဲရုံမှူးရှေ့တွင် ဆန္ဒပြု၍
အမှန်ခြစ်ခဲ့ရခြင်းဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက
ကိုယ်တိုင် မဲသွားရောက်ထည့်ခဲ့သူတဦးက ပြောဆိုခြင်းဖြစ်သည်။
“ကျမကတော့
ကြက်ခြေခတ်ခဲ့တယ်၊ တချို့ကျတော့လည်း ဘယ်မှာ ဆန္ဒပြုရမယ်ဆိုတာ
မဲရုံ သဘောတရားကို မသိကြဘူး၊ ဘာလို့လဲဆိုတော့ ဒီနေ့မနက်ထိအောင် မဲပုံးက
တပုံးလား နှစ်ပုံးလားမေးတဲ့လူတွေ ရှိသေးတယ်၊ သူတို့က စလစ်တွေထုတ်ပေးတယ်။
ထုတ်ပေးတာတွေ အကုန်လုံးကို အထဲမှာ သွားမခြစ်ဘဲနဲ့ မဲရုံခုံပေါ်မှာ၊
မဲရုံးမှူးရှေ့မှာဆိုတော့ ကြောက်ကြတော့ အမှန်ခြစ်ပေးလိုက်ရတာ”ဟု
မဲသွားပေးခဲ့သူ အမျိုးသမီးတဦးက ပြောသည်။
တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် မဲရုံများထားရှိကာ
မဲရုံးမှူးထံမှ စလစ်ပြားကိုယူ၍ လွတ်လွတ်လပ်လပ် မိမိဆန္ဒရှိသည့်အထဲကို
ထည့်ခွင့်ရပြီး ဘေးနား၌ စောင့်ကြပ်ခြင်းမရှိဘဲ ဆန္ဒပြုခန်းအတွင်း
ဘောပင်တချောင်းသာ ထားရှိကြောင်းနှင့် ယနေ့ မဲသွားပေးခဲ့သူအများစုမှာ
ကန့်ကွက်မဲများသာပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။
မဲရုံမှထုတ်ပေးသော စလစ်ပြားတွင်
နံပါတ်၊ အမည်များကို ရေးသားထားသည့်အတွက်ကြောင့် မဲပေးမည့်သူများက
မိမိအတွက် ပြဿနာတစုံတခုဖြစ်မည်ကို စိုးရိမ်သောကြောင့်
အမှန်ခြစ်ပေး လိုက်ရကြောင်းနှင့် အချို့ရပ်ကွက်များတွင် ယမန်နေ့ကတည်းက
စလစ်ပြားများကို တခါတည်း မဲထည့်ပေးနိုင်ကြောင်းပြောဆို၍
တောင်းယူခြင်းများရှိခဲ့ကြောင်း အဆိုပါအမျိုးသမီးက
ဆက်လက်ပြောဆိုသည်။
ထိုကဲ့သို့ ကြိုတင်မဲတောင်းယူခဲ့ခြင်းများနှင့်ပတ်သက်၍
ဒေသခံတဦးက “အဲလိုလုပ်တာကတော့ ထောက်ခံမဲပဲ ဖြစ်သွားတယ်ပေါ့၊ မဲပေးရမဲ့
စလစ်ပြားတွေကို မအားလို့ရှိရင် တခါတည်း ထည့်လိုက်ဆိုပြီးတော့ တောင်းတာ၊
မအားတဲ့သူတွေက ထည့်လိုက်တာပေါ့နော်၊ သိပ်စာမတတ် တဲ့ သူကတော့
အမှန်ခြစ်လိုက်တာပေါ့။ တယောက်တည်းက တအိမ်လုံးစာကို ထည့်လိုက်လည်း
ရတယ်”ဟု ပြောသည်။ |