|
ကန့်ကွက်မဲများသော်လည်း ကြေညာလျှင်
မဲလိမ်မှုများရှိနိုင်ကြောင်းပြောဆို
ရိုးမ ၃။ မေ
၁၁၊ ၂၀၀၈
ကျောက်ပန်းတောင်းမြို့ပေါ်တွင် မဲပေးကြသူများက
ကန့်ကွက်မဲအများဆုံးပေးခဲ့ကြသော်လည်း စစ်အစိုးရအာဏာပိုင်များက
မဲစာရင်းထုတ်ပြန်ကြေညာချိန်တွင် လိမ်လည်မှုများရှိနိုင်ကြောင်း
ဒေသခံများက ပြောသည်။
ယမန်နေ့က ဆန္ဒမဲပေးရာတွင်နောက်ဆုံး မဲရေတွက်မှုကိုဘေးမှ
ကြည့်ခဲ့သူဒေသခံတဦးက ယခုကဲသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
မဲရေတွက်ရာတွင် (၁၅)ဦးခန့်ရှိပြီး နောက်ဆုံးမဲထည့်ခဲ့သည့်သူများနှင့်
ကြံ့ဖွံ့များပါဝင်ခြင်းမရှိဘဲ မဲရုံအတွင်းမှ လူများက
ရေတွက်သွားခြင်းဖြစ်ပြီး ယင်းကိစ္စကို အာဏာပိုင်များက ကြိုတင်စီစဉ်
ထားခြင်းဖြစ်သည်ဟု ဆိုသည်။
နောက်ဆုံးမဲရေတွက်သည်ကို ကြည့်ခဲ့ရသူက “မဲစာရင်းကတော့
ကန့်ကွက်မဲများပါတယ်။ များ တယ်ဆိုတာက ကန့်ကွက်မဲက (၁,၁၀၀)ဆိုရင်၊
ထောက်ခံမဲက (၈၀၀) လောက်တော့ရှိတယ်။ ပယ်မဲက တချို့ကြတော့
အမှန်လဲမခြစ်ဘူး၊ အမှားလဲ မခြစ်ဘူးဆိုရင် ပယ်လိုက်တယ်။ ကန့် ကွက်မဲမှာ
ကြက်ခြေခတ်နှစ်ခုထက်ကျော်သွားရင်လည်း ပယ်မဲထည့်လိုက်တယ်” ဟုပြောသည်။
ထိုသို့ မဲရေတွက်ရာတွင် ကြိုတင်မဲများကို ထည့်သွင်းရေတွက်ခြင်းမရှိဘဲ
မည်မျှရှိသည်ကိုလည်း တရားဝင်ပြောကြားခြင်း
မရှိကြောင်းနှင့်ဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများကသာ ကြိုတင်မဲများ
ပေးထားခြင်းဖြစ်ကြောင်း မဲရေတွက်ခြင်းကို
နောက်ဆုံးကြည့်ခွင့်ရသူအနေနှင့်
၎င်းတို့ရေတွက်ပုံ မှန်သည်ဟုဆိုသော်လည်း နောက်ဆုံးတွင်မဲလိမ်၍သာ
ကြေညာသွားမည်ဟု ထင်ကြောင်း ဆက်လက်ပြောဆိုသည်။
ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှ သန်းမြင်ရွာတွင်
မဲကော်မရှင်ဥက္ကဌ ဦးအောင် ထွေး၊ ကြံ့ဖွံ့အဖွဲ့ဝင် ဦးမောင်ကြီး၊
ဆယ်အိမ်မှူး ဦးထွန်းလွင်၊ ဦးရွှေစိ၊ လူငယ်ခေါင်းဆောင် ဦးမောင်စိန်၊
မောင်သန်းညွှန့်၊ မောင်ဝင်းထိန်၊ မောင်သန်းထွန်းတို့က ကြက်ခြေခတ်လျှင်
ဒဏ်ငွေတသိန်းနှင့် ထောင်သုံးနှစ်ချမှတ်မည်ဟု ခြိမ်းခြောက်မှုများ
ပြုလုပ်ခဲ့ကြောင်း ရွာသား တဦးကဆိုသည်။
သန်းမြင်ရွာသားတဦးက “မဲရုံမှာ လာသမျှလူတွေကို ဦလှလွန်းနဲ့
ဦးမောင်ဆင့်တို့ကနေပြီးတော့ လျှို့ဝှက်ခန်းထဲမှာ
သူတို့ကိုယ်တိုင်ဝင်ပြီးတော့ အမှတ်ခြစ်ပေးတာ၊ အမှန်တွေချည်းပဲခြစ်ပေး
တာ။ ထွန်းလွင်ဦးဆိုတဲ့လူက သူကိုယ်တိုင်ကြည့်ပြီးတော့မှထည့်ဆိုပြီး
ရှေ့ကနေပြောတယ်” ဟု ဆိုသည်။
ထို့အပြင် အိမ်ခြေ ၂၅၀ ခန့်ရှိပြီး လူဦးရေ (၂,၅၀၀)ရှိသည့်
ညောင်ဦးမြို့နယ်အတွင်းမှ သပြေ တိုက်ရွာတွင် မဲကော်မရှင်ဥက္ကဌ မျိုးထူး၊
ကြံ့ဖွံ့ ဦးမောင်ဘော၊ အဖွဲ့ဝင် ဦးကျော်ဝင်း၊ ဦးကံထူး၊
ဦးမြင့်ဆောင်တို့က ကြက်ခြေခတ်ထည့်သည့် သူများကို စာအုပ်နှင့်ရေးမှတ်ကာ
နောက်ထပ် မဲထည့်မည့်သူများကို ခြိမ်းခြောက်ပြီး
အမှန်ခြစ်ခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
သပြေတိုက်ရွာသားတဦးက “ကြက်ခြေခတ်သွားတဲ့
ရှေ့ကနှစ်ယောက်ကိုသူတို့မှတ်ထားတော့ နောက်ကလူတွေကအမှန်ပဲ ခြစ်သွားတယ်
ပြဿနာတက်မှာစိုးလို့လေ” ဟု ပြောဆိုခဲ့သည်။ |