|
မဲများကိုအမှန်ခြစ်သဖြင့် မဲရုံမှူး မဲရုံမှထွက်သွားခဲ့
ရိုးမ ၃။ မေ
၁၆၊ ၂၀၀၈
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်တွင် ပြည်သူများထံမှ ဆန္ဒမဲပြားများကို
(ရယက)များက အမှန်ခြစ် ခဲ့သဖြင့် မဲရုံမှူးက တာဝန်မယူနိုင်တော့ကြောင်း
ပြောဆိုကာ မဲရုံမှထွက်သွားခဲ့သည်။
အင်္ဂပူမြို့နယ်၊ သုံးကွင်းဆိုင်ကျေးရွာတွင် ယခုလ (၁၀) ရက်နေ့က
ဆန္ဒခံယူပွဲကျင်းပခဲ့ရာ (ရယက)အဖွဲ့ဝင်များက ကျေးရွားသားများ၏
ဆန္ဒပြုလက်မှတ်များကို တောင်းယူကာ အဓမ္မ ထောက်ခံမဲအဖြစ်
ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“မနက်
(၆) နာရီမှာ မဲရုံစဖွင့်တာ၊ ပထမတော့ လွတ်လွတ်လပ်လပ် ပေးခွင့်ရတယ်၊
တနာရီ လောက်ကြာတော့ (ရယက)အဖွဲ့ဝင် ၄ ဦး ရောက်လာပြီး လက်မှတ်တွေယူပြီး
အမှန်ခြစ်တော့ မဲရုံမှူးက ဘာလို့ခြစ်တာလည်းမေးတော့
ဥက္ကဋ္ဌခြစ်ခိုင်းတာလို့ ပြောတယ်၊ မဲရုံမှူးကမေးတော့ ဥက္ကဋ္ဌသိန်းစိုးက
ဟုတ်တယ်လို့ပြောတယ်၊ ဒါဆို ကျနော်တာဝန်မယူနိုင်ဘူးလို့ပြောပြီး မဲရုံက
ထွက်သွားတာ”ဟု မျက်မြင်သက်သေတဦးက ပြောသည်။
မဲရုံအဖွဲ့ဝင်များက ဖျောင်းဖျကာ မဲရုံမှူးအား ပြန်လည်ခေါ်ခဲ့ရပြီး
အဆိုပါနေ့တွင် ရွာသား ဦးမောင်ကြိုင်က ဆန္ဒပြုခန်းထဲဝင်၍
ကြက်ခြေခတ်ခဲ့သည်ကို (ရယက)အဖွဲ့ဝင် သိန်းဝင်းက လိုက်ကြည့်ခဲ့သဖြင့်
ခိုက်ရန်ဖြစ်ပွားမည့်အဆင့်ထိ ရောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။
အင်္ဂပူမြို့နယ်တွင်ထောက်ခံမဲရရေးအတွက် သစ်တောရေးရာဝန်ကြီး
ဗိုလ်မှူးချုပ်သိန်းအောင်က အဆိုပါမြို့နယ်အား ကျပ်ငွေသိန်း ၁၀၀
ချပေးခဲ့ပြီး (မယက)၊ (ရယက)နှင့် အာဏာပိုင်များက
ကန့်ကွက်မဲပေးလျှင်ထောင်ချမည်ဟု ခြိမ်းခြောက်ကာ ဒေသခံများအား
မဲပေးနည်းစံနစ်ကို ရှင်းမပြဘဲ မဲပြားတွင် အမည်၊ မှတ်ပုံတင်အမှတ်၊
နေရပ်လိပ်စာများ ရေးထားပြီး မဲပေးရန်သာ ခြိမ်းခြောက်ခဲ့သည်ဟု
ဒေသခံများက ပြောဆိုသည်။
ထို့အပြင် ဆန္ဒခံယူပွဲနေ့တွင် တဦးချင်းမဲပေးစရာမလိုဘဲ
မိသားတစုလုံးအတွက် တဦးသာ မဲပေး ရန် ဖိအားပေးကာ
ထောက်ခံမဲပေးခိုင်းခြင်း၊ မဲပေးရက်တွင် စည်းရုံးသည့်အနေဖြင့်
အကျွေးအမွေးနှင့်ဧည့်ခံကာ မဲလာရောက်ထည့်သည့်နေ့တွင်
အိုးစည်ဒိုးပတ်များတီး၍ လာရောက်ကြရန်နှင့် အစောဆုံးပိတ်သည့်မဲရုံအား
၄၀,၀၀၀ ကျပ် ဆုငွေအဖြစ်ပေးမည်ဟု သစ်တောရေ၀န်ကြီးက ပြောဆိုခဲ့သည်။
ယမန်နေ့ညနေက စစ်အစိုးရ ရုပ်သံအစီအစဉ်မှ မေလ (၁၀) ရက်နေ့တွင်
ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထောက်ခံမဲ (၉၂.၄)
ရာခိုင်နှုန်းရရှိကြောင်း အတည်ပြုကြေညာ ခဲ့သည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)က နိုင်ငံတကာမဲပေးစနစ်စံနှုန်း၊
တည်ဆဲ ဆန္ဒခံယူပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ
ပြုလုပ်ကျင်းပခြင်းမရှိသဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကော်မရှင်အား
ဖျက်သိမ်းရန်နှင့် မတရားမှု၊ မသမာမှု၊
ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများဖြင့် ပြုလုပ် ခဲ့သည့် မေလ (၁၀) ရက်နေ့
ဆန္ဒခံယူပွဲရလဒ်အား ကုလသမဂ္ဂ နှင့် နိုင်ငံတကာမှ အသိအမှတ် မပြုရန်
ယမန်နေ့က သဘောထားထုတ်ပြန်တိုက်တွန်းခဲ့သည်။ |