|
တွံတေးမြို့နယ်တွင်
NGO အဖွဲ့အနည်းငယ်ကသာ အကူညီပေးနေ ထန်းမနိုင်တွင် ကူညီမည့်သူမဲ့
ဖြိုးကြီး။ မေ ၁၃၊ ၂၀၀၈
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်အတွင်း
လေဘေးသင့်ဒုက္ခသည်များကို အစိုးရအာဏာပိုင်များက တစုံတရာ
ကူညီပေးခြင်းများ မရှိသေးဘဲ NGO အဖွဲ့အနည်းငယ်ကသာ ကူညီနေလျှက်ရှိသည်။
တွံတေးမြို့နယ်အတွင်း
နယ်ခြားမဲ့ဆရာဝန်များအဖွဲ့က ကားပေါ်တွင် ဆန်များတင်ဆောင်လာပြီး
လိုက်လံပေးဝေမှုများ ပြုလုပ်နေသည့်ဟု ၎င်းနယ်များဘက်သို့
ကိုယ်တိုင်သွားရောက်ခဲ့သည့် ဆရာဝန်တဦးက ပြောဆိုခြင်းဖြစ်သည်။
“ကျနော်ရောက်ခဲ့တဲ့ ရွာတွေဆိုရင်
စားစရာတောင်မရှိဘူး၊ ဓနိအဟောင်းလေးတွေနဲ့ တဲထိုးနေရ တယ်၊ တော်တော်မှ
စိတ်မကောင်းဖြစ်ရတယ်ဗျာ၊ တကယ့်ကိုရန်ကုန်နဲ့ နီးတဲ့နေရာတွေမှာ တောင်
ကူညီထောက်ပံ့မှု လုံလောက်အောင် မရှိသေးဘူး၊ အားလုံးကမျှော်လင့်နေကြတယ်။
ဘယ်သူမှတော့ မလာသေးဘူး၊ သောက်ရေကတော့ လက်ရိုက်တွင်းတွေရှိတော့
သိပ်တော့မပူ ရဘူး၊ ဆန်ပြဿနာတော့ တော်တော်ရှိတယ်” ဟုပြောသည်။
တွံတေးမြို့ပေါ်ရှိ ရပ်ကွက်(၈)ခုစလုံး
ပျက်စီးသွားပြီး တမြို့နယ်လုံး အဆောက်အဦ အပျက် အစီး
(၉၀)ရာခိုင်နှုန်းရှိကြောင်းနှင့် လက်တလောဒုက္ခသည်စခန်းငါးခုကို
ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားကာ
မုန်တိုင်းကြောင့် ပျက်စီးသွားသည့်အိမ်များအတွက် သွပ်တချပ်လျှင်
(၄၉၀၀)ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်ဟု ၎င်းက
ဆက်လက်ပြောသည်။
တွံတေးနှင့်အနည်းငယ်ဝေးသော ပန်းလှိုင်ရွာတွင်
ရေတံခါးကို ပိတ်ထားခြင်းကြောင့် ၀မ်းရောဂါ များ ဖြစ်ပွားနေပြီး
ရေအခက်အခဲနှင့်ကြုံတွေ့နေရပြီး ပတ်ဝန်းကျင်မှ ကျေးရွာအုပ်စုပေါင်း(၉၅)
အုပ်စုအကုန်လုံးနီးပါး ပျက်စီးသွားကြောင်းနှင့် အကူအညီများ
အရမ်းလိုအပ်နေကြောင်း သွား ရောက်ခဲ့သည့် ဆရာဝန်က ဆက်လက်ပြောဆိုသည်။
ဒုက္ခသည်များ လက်ရှိအခြေနေနှင့်ပတ်သက်၍
“ရွာဘက်ကဒုက္ခသည်တွေကတော့ ဘုန်းကြီး ကျောင်းတို့ ငါးဂိုတောင်တို့မှာ
စုထားပြီးတော့ ပြေလည်တဲ့လူက ချက်ကျွေးနေတာ၊ သူတို့က
ဘယ်လိုပြောလဲဆိုတော့ သူတို့ချက်ကျွေးမယ်ဆိုရင်လည်း (သုံးလေး)ရက်လောက်ပဲ
ချက်ကျွေး နိုင်မယ်လို့ပြောတယ်၊ နောက်ပိုင်းမကျွေးနိုင်တဲ့အတွက်
အကူအညီတွေအများကြီး လိုတယ်လို့ ပြောတယ်။ ကျနော်ကတော့ မနေ့က ဆန် ၁၂ အိတ်
သွားဝေလိုက်ပါတယ်” ဟု ၎င်းက ဆို သည်။
ထို့အပြင် ကော့မှူးမြို့နယ်၊
ထန်းမနိုင်ရွာတွင် တရွာလုံးပျက်စီးသွားခဲ့ပြီး ကွင်းပြင်ထဲတွင်း ယာ
ယီတဲများထိုး၍ နေထိုင်နေရကာ စားသောက်ရန်အခက်ခဲဖြစ်နေရသည်။
အိမ်ခြေ (၅၄၀)ကျော်ရှိသော ထန်းမနိုင်ရွာတွင်
အိမ် ၁၀ လုံးသာ ကျန်ရစ်ခဲ့ပြီး အားလုံးပျက်စီး သွားသည့်အပြင်
သောက်ရေကန်လေးခုစလုံး ပျက်စီးသွားသည့်အတွက် ကလေးငယ်များမှာ
မသန့်ရှင်းသော ရေများကို သောက်သုံးမိသဖြင့် ၀မ်းရောဂါများ
ဖြစ်ပွားနေလျှက်ရှိသည်။
ယင်းအခြေအနေများနှင့်ပတ်သက်၍
ထန်းမနိုင်ရွာသားတဦးက “တရွာလုံးအားကိုးနေရတဲ့ သောက်ရေကန်လေးကန်က
ပျက်သွားတော့ သောက်လို့မရတော့ဘူး၊ ကြုံရာရေကို သောက်နေ ရတော့
ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နေတယ်၊ ကလေးတွေပါ၊ ဆေးဝါးလဲ မရှိဘူး” ဟု
ပြောသည်။
ယခုချိန်ထိ ထန်းမနိုင်ရွာတွင်
မည်သည့်ကယ်ဆယ်ရေးကူညီမှ ရရှိခြင်းမရှိကြောင်းနှင့် ကိုကျော် လေးဆိုသည့်
ရွာသားတဦးက ကျန်ရစ်သည့်စပါးအနည်းငယ်ကိုကြိတ်ပြီး ခွဲဝေပေးနေကြောင်း
အဆိုပါရွာသားက ဆက်လက်ပြောဆိုသည်။ |