Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြို့နယ်ပညာရေးမှူးက ပညာရေးဝန်ထမ်းများကို ထောက်ခံမဲပေးရန် အတင်းအကြပ် ဖိအားပေးနေ 

ဖြိုးကြီး။ မေ ၂၊ ၂၀၀၈ 

စစ်အစိုးရပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ထောက်ခံမဲများမပေးပါက အလုပ် ဖြုတ်၍ ထောင် ၃ နှစ် ချမှတ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးက ကျောင်းဆရာ၊ ဆရာမ များကို အတင်းအကြပ် ဖိအားပေးနေလျှက်ရှိသည်။ 

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ပညာရေးမှူး ဦးတင်ရွှေက ဧပြီလ (၃၀) ရက်နေ့ လစာထုတ်ပြီး နောက် အလယ်တန်း၊ မူလတန်း၊ အထက်တန်း ကျောင်းအုပ်ဆရာ၊ ဆရာမများကို ခေါ်၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ကျောင်းဆရာ၊ ဆရာမများကို မိမိတာဝန်ကျရာ မဲရုံများတွင် ကန့်ကွက်မဲများ ပါလာလျှင် မဲရုံမှူး များကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းနှင့် မိမိမဲရုံနယ်မြေများတွင် စည်းရုံးမှုများ လုပ်ထားရန်တို့ကို မြို့နယ်ပညာရေးမှူးက ဖိအားပေးပြောဆိုထားသည်။ 

တွံတေးမြို့နယ်မှ အလယ်တန်းကျောင်းအုပ်ဆရာတဦးက “ကျနော်တို့ကိုယ်တိုင် အကုန်လုံး ထောက်ခံမဲပေးရမယ်လို့ ပြောတာ၊ ကျနော်တို့ကတော့ ဒီဆန္ဒခံယူပွဲကို ဘယ်လက်ခံနိုင်ပါ့မလဲ ဗျာ၊ တကယ်လို့ လက်မခံလို့ အဲလိုလုပ်မယ်ဆိုရင်လဲ ကျနော်တို့မိသားစုတွေ၊ ဆွေမျိုးအသိုင်း အဝိုင်းတွေအကုန်လုံးက နှိပ်စက်ခံရမဲ့ဘ၀တွေရောက်နေပြီ၊ ကျနော်တို့မှာက အဲဒီအကြောက် တရားတွေနဲ့ ရင်ဆိုင်နေရတာ”ဟု ပြောသည်။  

စစ်အစိုးရအနေဖြင့် မြို့နယ်အလိုက် မဲရုံများကို ကျောင်းဝင်းများအတွင်းပြုလုပ်ရန် စီစဉ်နေပြီး ကျောင်းဆရာ၊ ဆရာမများအား မဲရုံကော်မရှင်တွင် ၀င်ရောက်လုပ်ကိုင်ရန် ညွှန်ကြားထားသည်။ 

လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲများရရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများကို အမျိုးမျိုး ဖိအားပေးနေလျှက်ရှိပြီး ကျောင်းဆရာ၊ ဆရာမများကို တာဝန်ကျရာ မဲရုံနယ်မြေ၊ ကျေးရွာများ တွင် စည်းရုံးရေးလုပ်ငန်များလုပ်ရန် အတင်းအကြပ် ခိုင်းစေနေသည်။ 

“ကျနော်တို့မြို့နယ်မှာ ပညာရေးဝန်ထမ်း ၁၈၂၅ ယောက်လောက် ရှိပါတယ်၊ ကျနော်က ဒီတွံတေးမြို့နယ်က ရွာတရွာမှာ ကျတယ်၊ အဲဒီရွာကလူတွေကို ပြောထားတယ်၊ ခင်ဗျားတို့ ကြိုက်တာလုပ်ပါ၊ ကျနော်ဘ၀နဲ့ ကျနော့်အကြောင်းပဲလို့ ပြောပါထားတယ်၊ ကျနော်က ပြည်သူ လူထုကို ဘယ်လိုရှင်းပြလဲဆိုတော့ ကိုယ်ဆန္ဒနဲ့ကိုယ်လုပ်ပါ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမယ် ဆိုပြီးတော့ မိဘပြည်သူတွေကို အားလုံးပြောထားတယ်၊ တချို့က ကိုယ်စောင့်ရမဲ့ရွာတွေမှာ စည်းရုံးမှုတွေလုပ်နေကြပြီ”ဟု အဆိုပါ အလယ်တန်းကျောင်းအုပ်ဆရာက ဆက်လက်ပြော သည်။ 

နအဖစစ်အစိုးရပြုလုပ်မည့် မေလ (၁၀) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲသည် မတရားသည့် လုပ်ရပ်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ထောက်ခံမှုမရှိကြောင်းနှင့် မိမိကိုယ်တိုင် ကျောင်းဆရာအလုပ်မှ နှုတ်ထွက်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်အစိုးရပြုလုပ်မည့် မေလ (၁၀) ရက်နေ့ လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲများရရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များက ပုံစံမျိုးစုံဖြင့် စည်းရုံးမှုများပြုလုပ်နေပြီး  ဒီမိုကရေစီရေးလိုလား သူများကလည်း ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများ နေရာအနှံ့ လုပ်ဆောင်နေလျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com