Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

သတင်း

 

ငပုတောမြို့နယ်တွင် ဒုက္ခသည်တသိန်းခွဲခန့်ရှိနေ
ငှက်ဖျားနှင့်ဝမ်းရောဂါ စတင်ဖြစ်ပွား
 

ရိုးမ ၃။ မေ ၂၀၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် ဒုက္ခသည် ၁၅၀,၀၀၀ ခန့် ရှိနေ ပြီး အမိုးအကာနှင့် သောက်သုံးရေပြတ်လပ်မှုကြောင့် ငှက်ဖျားရောဂါနှင့် ၀မ်းလျှောရောဂါ စတင်ဖြစ်ပွားနေသည်ဟု အဆိုပါဒေသသို့ သွားရောက်ခဲ့သည့် ဆရာဝန်တဦးက ပြောဆိုသည်။ 

၆ ရက်ကြာ အဆိုပါဒေသရှိ ဒုက္ခသည်များထံ ဆေးဝါးကုသမှုနှင့် ဆေးဝါးပစ္စည်းများ သွားရောက်အကူအညီပေးခဲ့ပြီးနောက် ဒေါက်တာ စစ်တင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။  

“ချောင်းဝရယ်၊ ဇီးဖြူကုန်းရယ်၊ ဘုန်းတော်ကြီးရယ်၊ သက်ကယ်သောင်ရယ် ဖြစ်ပြီးတပတ် အကြာမှာ ရောက်သွားတာပါ၊ စုစုပေါင်း ၆ ရက်နေခဲ့တယ်၊ ရောက်သွားတဲ့အချိန်မှာ ထိခိုက် ဒဏ်ရာရတာတွေ များတယ်၊ စိတ်ထိခိုက်မှုကြောင့် မောတာ၊ ကြပ်တာ၊ မူးတာတို့ အများဆုံး ဖြစ်တယ်၊ အခုတော့ ၀မ်းပျက်ဝမ်းလျှောဖြစ်တယ်၊ ငှက်ဖျားလဲ နည်းနည်းပါတယ်”ဟု ဒေါက်တာ စစ်တင်က ပြောဆိုသည်။ 

ပုသိမ်မြို့ရှိ ဆေးဝါးကုမ္ပဏီများမှ လှူဒါန်းသည့် ဆေးဝါးနှင့် ငွေကျပ်သိန်း ၂၀ ခန့်  ဆေးဝါးခ ကုန်ကျခံကာ  ဆရာဝန် ၄ ဦး၊ လူငယ်အကူ ၄ ဦးနှင့်အတူ ငပုတောမြို့နယ်အတွင်း ကျန်းမာရေး ကုသမှုများ ပြုလုပ်ခဲ့ပြီး ဒုက္ခသည်များအား အစားအသောက်များ လှူဒါန်းခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

ငပုတောမြို့နယ်အတွင်း နေထိုင်သူလူဦးရေ သုံးသိန်းကျော်ခန့်ရှိပြီး ကျေးရွာအမြောက်အများ ပျက်စီးဆုံးရှုံးကာ သေဆုံးသူဦးရေ ၁၅,၀၀၀ ခန့်ရှိမည်ဟု ဆိုသည်။  

“ဥပမာအားဖြင့် သက်ကယ်သောင်လိုရွာမှာဆို အိမ်ခြေ ၈၀၀ လောက်ရှိတယ်၊  အိမ်ခြေ ၆၁၀ က လုံးဝ ပျက်သွားတာ၊ ကျန်တဲ့ဟာတွေက အမိုးအကာတွေလန်နဲ့၊ အဲလိုဖြစ်နေတာ၊ ကျနော် သွားတော့ အိမ်ခြေ ၂၀၀ - ၃၀၀ ရှိတဲ့ ရွာလေးတွေကတော့ ပျောက်သွားတာ၊ ငပုတောမြို့နယ် က ကျွန်းတွေက ရွာတွေတော့ အကုန်ပဲ”ဟု ဒေါက်တာ စစ်တင်က ပြောဆိုသည်။  

ဒုက္ခသည်စခန်းများအား အမိုးအကာမလုံသည့် ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်ထားပြီး အဆိုပါဒေသရှိ ဒုက္ခသည်များ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ “မိုးရွာပြီဆိုရင်တော့ စိုတာပဲ၊ အစားအသောက်ကလည်း မလုံလောက်ဘူး၊ ရေကလည်း လုံလောက်မှုမရှိသေးဘူး၊ နောက်တော့ လူတွေကလည်း အိပ်ရေးပျက်၊ အစာငတ်ဆိုတော့ အဲနေရာတွေကလည်း ငှက်ဖျား နေရာတွေဆိုတော့ အာဟာရချို့တဲ့တော့ စနေပြီပေါ့ဗျာ၊ အလှူရှင်တွေလှူတယ်ဆိုတာကလည်း ဒုက္ခသည်က တအားများတော့ နည်းနည်းစီလောက်ပဲ ရတာပေါ့၊ ကျနော်သွားတဲ့ နေရာဒေသ တခုမှာတင် ဒုက္ခသည် ၁၅၀,၀၀၀ လောက်ရှိမယ်”ဟု ဒေါက်တာ စစ်တင် က ဆက်လက်ပြောဆို ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org
yoma3news@gmail.com