|
တောင်ငူမှာ မဲလိမ်မှုစတင် အချို့ရပ်ကွက်တွင် အိမ်တိုင်ရာရောက်
ယမန်နေ့ကတည်းက မဲထည့်ခိုင်းခဲ့
ဗထူး။ မေ
၁၀၊ ၂၀၀၈
ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ယနေ့စတင်၍ ဆန္ဒခံယူပွဲကိုစတင်လျှက်ရှိရာ
မဲလာရောက်ပေးသူ နည်းပါးပြီး ယမန်နေ့ညနေပိုင်းက အချို့ရပ်ကွက်များတွင်
ရယကများက အိမ်တိုင်ယာရောက် မဲပြားများပေးဝေခဲ့သည်။
တောင်ငူမြို့ရပ်ကွက်အချို့တွင် မဲပြားများကြိုတင်ဝေငှကာ
မဲရုံကိုလာရန်မလိုကြောင်းပြောဆိုပြီး
မဲပြားများကိုကောက်ခံသွားခြင်းဖြစ်သည်။
ယနေ့တောင်ငူမြို့မဲရုံအချို့မှာ မဲလာရောက်ပေးသူနည်းပါးပြီး
မိသားစုအားလုံးမဲရုံသို့ လာစရာ မလိုကြောင်း မဲရုံမှူးများက
ပြောဆိုခဲ့ကြသည်။
မဲပေးစနစ်ကို သေချာစွာမသိနားမလည်သည့် ရပ်ကွက်များအား
မဲရုံတာဝန်ခံအချို့နှင့် ရယက အဖွဲ့ဝင်များက
ကိုယ်တိုင်ခြစ်ကာမဲပြားများကို ယမန်နေ့ကတည်းက ယူဆောင်သွားကြသည်ဟု
မျက်မြင်များက ပြောသည်။
မဲရုံသို့ ကိုယ်တိုင်မဲပေးခဲ့သူ အမှတ် (၁၇)ရပ်ကွက်သားတဦးက “ကျနော်တို့
(၁၇)ရပ်ကွက်ဆိုရင် မောင်ဦးလို့ခေါ်တယ်။ (၄)စောင်ကို သူကိုယ်တိုင်
အမှန်ခြစ်လိုက်တာကို တွေ့တယ်။ သူက မဲရုံ မှူးတော့ မဟုတ်ဘူး။
မဲရုံစောင့်ပါ။ ရပ်ကွက်ထဲက ရယကကို ၀ိုင်းကူလုပ်ပေးနေတဲ့သူပါ။
ယနေ့မှစတင်၍ မဲပေးရက်သတ်မှတ်ထားသော်လည်း ၎င်းအနေဖြင့်
အချို့ရပ်ကွက်မှူးများ ကိုယ်တိုင်ယခုကဲ့သို့
ပြုလုပ်ခြင်းကိုနားမလည်နိုင်ကြောင်း သူအနေဖြင့်မဲရုံသို့ ယနေ့နံနက်
သွား ရောက်ကာ ကန့်ကွက်မဲပေးခဲ့သည်ဟုဆိုသည်။
မဲရုံမှူးများပြော တခြားရပ်ကွက်မှ တောင်ငူမြို့ခံတဦးက “မနေ့ကတည်းက
အကုန်လုံးပေးလိုက် ရတဲ့သဘောပါ။ ပေးခိုင်းတယ်ဆိုတာက
ရုံးလာစရာမလိုဘူးတဲ့၊ ကိုယ်ဟာကိုယ် ခြစ်လိုက်မယ်လို့ ပြောတယ်။
တအိမ်တက်တအိမ်ဆင်းလိုက်ပေးတာ” ဟု ပြောဆိုသည်။
တအိမ်ထောင်လျှင် တဦးသာမဲရုံသို့လာစရာလိုပြီး
ကျန်သူများမဲပေးစရာမလိုကြောင်း ၎င်းတို့ ကိုယ်စားမဲရုံကသာ
ဆန္ဒပြုလိုက်မည်ဖြစ်ကြောင်းလည်း မဲရုံမှူးနှင့်ရယကများမှ ပြောဆိုသွားခဲ့
သည်ဟုဆိုသည်။
တောင်ငူမြို့တွင် (၂၁)ရပ်ကွက်ရှိရာ တရပ်ကွက်လျှင်
မဲရုံတရုံနှုန်းဆောက်လုပ်ထားပြီး အချို့ မဲရုံများက ယနေ့နံနက်
(၇)နာရီခွဲမှစတင်၍ မဲလာရောက်ပေးရန်ဆော်သြနေပြီး (၉)နာရီ လောက်တွင်
မဲရုံတွင် လူလေးဦးသာတွေ့ရှိခဲ့ကြောင်း ကိုယ်တိုင်မဲပေးခဲ့ရသူတဦးက
ဆိုသည်။
အိမ်တိုင်ရာရောက်မဲပြားများပေးဝေခဲ့ခြင်းနှင့်ပတ်သက်၍
“တောင်ငူမြို့တခုလုံးပါ။ အတိအကျ ပြောရရင် ၁၇/၁၈ တို့ပါ။ ၁၄ မှာလည်း
အဲလိုပါပဲ။ မဲရုံမှာတော့ လူနည်းသွားပြီ။ ရယကတွေက သူတို့ကိုယ်တိုင်
ခြစ်လိုက်တဲ့သဘောပါ၊ အကုန်လုံးက မဲပေးပြီးသား ဖြစ်သွားတယ်။ ဗြောင်မဲ
ပေးကြရတယ်။ ဗြောင်ကြီးကို လိမ်နေတာဖြစ်တယ်” ဟု တောင်ငူမြို့ခံက
ဆက်လက်ပြောဆို သွားသည်။ |