|
စစ်အစိုးရက နိုင်ငံတကာအကူအညီများနှင့် ကယ်ဆယ်ရေးလုပ်သားများကို လက်ခံ
ဉာဏ်မောင်။
မေ ၂၃၊ ၂၀၀၈

စစ်အစိုးရက နာဂစ်ဆိုက်ကလုန်းမုန်တိုင်း ကျရောက်ရာဒေသများသို့
နိုင်ငံတကာ အကူအညီ များနှင့်ကယ်ဆယ်ရေးလုပ်သားများ ၀င်ရောက်ခြင်းကို
ခွင့်ပြုလိုက်သည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့် စစ်အစိုးရ
ထိပ်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသန်းရွှေတို့ နေပြည်တော်တွင်
တွေ့ဆုံပြီးနောက် ယနေ့ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။
“သူတို့ဘက်က ကယ်ဆယ်ရေးလုပ်သား အားလုံးကိုဝင်ခွင့်ပြုလိုက်ပါပြီ၊
ကျနော်ကလည်း ဒီလိုဘဲ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားတာပါ”
မစ္စတာဘန်ကီမွန်းက ပြောသည်။
စစ်အစိုးရဘက်က နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို ဟန့်တားထားသည့်အတွက်
လေဘေးသင့်ဒေသများမှ ဒုက္ခသည်များမှာ အစာငတ်သေဆုံးခြင်း၊
ရောဂါများကြောင့် သေဆုံး ခြင်းများရှိခဲ့ပြီး ၎င်းအခြေအနေကို
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း
အထူးစိုးရိမ်နေခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် မစ္စတာဘန်ကီမွန်းသည်
မုန်တိုင်းဒဏ်ဆိုးရွားဆုံးခံခဲ့ရသည့် ဧရာဝတီတိုင်းသို့ သွားရောက်ကာ
အိုးအိမ်များပျက်စီးမှုနှင့် စပါးခင်းလယ်ကွက်များထဲတွင် ရေလွှမ်းမိုးမှု
အခြေအနေများကို ရဟတ်ယာဉ်ပေါ်မှ ကြည့်ရှုခဲ့သည်။
ဧရာဝတီတိုင်းအတွင်းရှိ ဒုက္ခသည်များနှင့်တွေ့ဆုံကာ မစ္စတာဘန်ကီမွန်းက
“ကျွန်တော် အလွန် ပဲ စိတ်မကောင်း ဖြစ်မိပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ရဲ့
မျှော်လင့်ချက်များကိုတော့ မပျက်စေပါနဲ့၊ ကုလသမဂ္ဂဟာ သင်တို့ကို
ကယ်တင်ဖို့ အခုရောက်ရှိနေပါပြီ၊ တကမ္ဘာလုံးကလည်း မြန်မာနိုင်ငံ ကို
ကူညီဖို့ ကြိုးစားနေကြပါတယ်” ဟု အားပေးစကားပြောကြားခဲ့သည်။
စစ်အစိုးရ စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်လွန်းသီက မစ္စတာဘန်ကီမွန်းအား
ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ အားလုံးကို
ကြိုးပမ်းလုပ်ဆောင်နေလျှက်ရှိကြောင်းနှင့် မကြာခင် တနိုင်ငံလုံး
ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိတော့မည်ဖြစ်ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်ငန်းများကို
လက်ခံလိုက်ခြင်းနှင့်ပတ်သက်၍ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရရုံးက
“ဖွင့်တော့ပေးလိုက်ပါပြီ ဒါပေမဲ့ ပြည့်ပြည့်စုံစုံ လုံလုံလောက်
လောက်တော့ မဟုတ်သေးဘူး” ဟု ပြောဆိုသည်။
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူဦးရေမှာ အာရှတိုက်တွင်
ဆိုးရွားဆုံးဖြစ်ပြီး စစ်အစိုးရ အာဏာပိုင်များက အဆိုပါဒေသများသို့
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပြီးစီးပြီ ဖြစ်ကြောင်းနှင့်
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်ထည်ဖော်ဆောင်ရွက်နေ သည်ဟု
၎င်းတို့ပိုင် မီဒီယာများမှ ကြေညာလျှက်ရှိသည်။ |